နေပြည်တော်၊ ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသည့် မြို့နယ် (၉) မြို့နယ် အောင်မြင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းခင်းစီမံချက်ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်ပမာဏကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားရာ လျာထား သတ်မှတ်ချက် ပြည့်မီပြီးစီးအောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစီမံချက်သည် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုံခြုံရေးဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြားမှ ဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း။
ယခုအခါ လုပ်ငန်းကာလ (၉) လကြာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် မြို့နယ် (၄၅)မြို့နယ်အနက် ယခုအခါ မြို့နယ်(၉) မြို့နယ်သည် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည့်အတွက် ယခုကဲ့သို့ အောင်မြင်ခြင်းအခမ်းအနား ကျင်းပကာ ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း၊ လျာထားချက် ပြည့်မီရန် ကျန်ရှိနေသေးသည့် မြို့နယ် များသည်လည်း သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် လုပ်နိုင်သမျှ နည်းလမ်းများရှာကြံကာ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် မိမိတို့ဌာနမှ တာဝန်ယူ ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံသားဆိုင်ရာလုပ်ငန်းများနှင့် ဆက်လက်ချိတ်ဆက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပေးပြောကြားလိုကြောင်း၊ ဆက်လက်၍ ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊ သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့်ပြီးစီးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်သည့် ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဒဂုံ၊ ဆိပ်ကြီးခနောင်တိုနှင့် ကိုကိုးကျွန်းစသည့် မြို့နယ် (၉) မြို့နယ်မှ တာဝန်ရှိသူများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အထိမ်းအမှတ်ပစ္စည်းများကို ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စီစဉ်ဆောင်ရွက်ထားသည့် ပန်းခင်းစီမံချက်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ Video Clip ကို ကြည့်ရှုအားပေးပြီး မြို့နယ် (၉)မြို့နယ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခြင်း အထိမ်းအမှတ် လက်ဆောင်များကို တိုင်းဒေသကြီးဦးစီးမှူးက ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို အမှတ်တရ ပေးအပ်သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးမှ ဆောင်ရွက်လျက်ရှိသည့် e-ID လုပ်ငန်းတွင် အသုံးပြုရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကွန်ပျူတာအလုံး (၅၀)ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဝင်းသိန်းက လက်ခံရယူသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၄၅) မြို့နယ်ရှိသည့်အနက် မြို့နယ် (၉) မြို့နယ်သည် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများ၏ အမည်စာရင်းအားလုံး မှတ်တမ်းပြုစု၍ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများက အတည်ပြုလက်မှတ်ရေးထိုးကြပြီး သက်ဆိုင်ရာမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များက ထပ်ဆင့်အတည်ပြု လက်မှတ်ရေးထိုး မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည့် e-ID လုပ်ငန်းရှင်းလင်းပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး သူများ၏ ကိုယ်ရေးအချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းနေမှု၊ နေပြည်တော်(ရုံးချုပ်)မှ ပေးပို့သည့်အချက် အလက်များနှင့် တိုက်ဆိုင်၍ e-ID စနစ် အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်သည်များ ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)