ရန်ကုန်၊ ဇန်နဝါရီ ၂၂
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ (၁)နာရီက အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန်မြို့၌ ပထမဦးဆုံးကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲ ဖြစ်သည့်အတွက် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကို ကဏ္ဍအလိုက် လစ်ဟာမှုမရှိစေရေး အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့သို့ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေး တက်ရောက်လာသူများက ပြည့်ပြည့်စုံစုံ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က ရန်ကုန် တိုင်းဒေသကြီးအနေဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စား ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လာရောက်ကြမည့် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အုပ်ချုပ်မှုအဖွဲ့နှင့် အားကစားသမားအဖွဲ့များအားလုံး အစစအရာရာ အဆင်ပြေချောမွေစေရေးနှင့် ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးမှာ အလွန်ပင်အရေးကြီးပါကြောင်း၊ ယုံကြည်မှုကြောင့် တာဝန်ပေးအပ်မှုအပေါ် အားလုံးပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ယခုပဉ္စမအကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲအဖြစ် ရန်ကုန်မြို့ရှိ အင်းယားကန်တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ၂၀၂၂ခုနှစ် ပဉ္စမအကြိမ် မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီးအသင်း (၁၁) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တို့ အချိန်နှင့်တပြေးညီ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းတို့က ကဏ္ဍ အလိုက်တင်ပြကြရာ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့မှ လိုအပ်သည်များကို ညှိနှိုင်းဖြည့်စွက် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး မြို့တော်ဝန် ဦးဗိုလ်ဌေးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ရန်ကုန်မြို့အင်းယားကန်တွင် ရိုးရာလှေ (၇)တက် (ကျား/မ ) မီတာ (၂၀၀/ ၅၀၀) ပြိုင်ပွဲ၊ ရိုးရာလှေ (၁၀)တက် (ကျား/မ) မီတာ (၂၀၀/၅၀၀)ပြိုင်ပွဲ ၊ ရိုးရာလှေ (၁၀)တက် (ကျား + မ) မီတာ (၂၀၀/၅၀၀) ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)