ပဲခူး ဇန်နဝါရီ ၂၁
အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံအတွက် ကျန်းမာသန်စွမ်းပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ဇန်နဝါရီ ၂၀ ရက်က ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားအောင် နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီး ပြေးခုန်ပစ် အသင်းမှ တံခွန်စိုက် ဆုဖလားများ ရရှိထားပြီး ဆက်လက်၍လည်း တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ရန် တစ်ဦးချင်းဆုနှင့် အသင်းလိုက်ဆုဖလားများရရှိအောင် အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာကြရန်နှင့် အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသင်းခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံ ပေးအပ်ပြီး သွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်း လေ့ကျင့်မှုနှင့် သွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
အဆိုပါ တိုင်းဒေသကြီး/ ပြည်နယ်အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ ပြေးခုန်ပစ်အားကစားသမား ၃၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်