Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ အကောက်ခွန် ဦးစီးဌာနမှ ဦးဆောင်သော တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၆ ၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီး ဌာနမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော Laminated Building Glass မှန်ချပ်ဆိုဒ်စုံ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၄၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ဂွမြို့နယ် ဒေါင့်ချောင်းကျေးရွာ အုပ်စုအတွင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားမဝင်တောင်သရက် ခွဲသား ၃ ဒသမ ၈၇၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅ ၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တော ဦးစီးဌာနတို့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (လိုင်စင်မဲ့)ယာဉ်များအား စစ်ကိုင်းမြို့နယ်တွင် Honda CR-V တစ်စီးနှင့် Honda Fit တစ်စီး၊ ကန့်ဘလူမြို့နယ်တွင် AD Van တစ်စီး၊ မုံရွာမြို့နယ်တွင် YAMAHA မော်တော်ဆိုင်ကယ် တစ်စီး၊ လိုင်စင်မဲ့ယာဉ်ပေါင်း လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀) နှင့် မော်လိုက် မြို့နယ်တွင် ကျွန်းသစ် ၅ ဒသမ ၂၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၄၈၀၀) စုစုပေါင်း (လိုင်စင်မဲ့) ယာဉ် လေးစီးနှင့် ကျွန်းသစ် ၅ ဒသမ ၂၃၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၈၄၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး (လိုင်စင်မဲ့) ယာဉ်များကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ကျွန်းသစ်များကို သစ်တောဥပဒေ အရ လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် (၁၈၆၀၅၈၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်