နေပြည်တော် ဇန်နဝါရီ ၂၁
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှဒေသတွင်း ဝန်ကြီးများအဆင့် ကျားထိန်းသိမ်းရေးညီလာခံကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အိမ်ရှင်မလေးရှားနိုင်ငံ စွမ်းအင်နှင့်သဘာဝသယံဇာတဝန်ကြီးနှင့် ကမ္ဘာ့ကျား ဖိုရမ်ဥက္ကဋ္ဌ ဘူတန်နိုင်ငံ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး၊ ကျားကျက်စားရာ နိုင်ငံအသီးသီးမှ ဝန်ကြီးများက မိန့်ခွန်းများပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝ ကျားများ ပြန်လည်ကျက်စားနိုင်ရန် ကတိကဝတ်ထားရှိကြသော ကျားကျက်စားရာ နိုင်ငံများတွင် ပါဝင်ပြီး နိုင်ငံတွင်း ကျားရှိနိုင်သော နေရင်းဒေသများသည် ၄၉၀၀၀ စတုရန်းကီလိုမီတာ (နိုင်ငံ၏ ၇ရာခိုင်နှုန်း) ကျယ်ဝန်း၍ ကျားအများဆုံး ကျက်စားနိုင်သည့် နေရာဒေသကြီး (၄) ခုရှိကြောင်း၊ နိုင်ငံအဆင့် ဆောင်ရွက်လျက်ရှိသော အစီအစဉ်(၂)ခုမှာ အမျိုးသားအဆင့် ကျားထိန်းသိမ်း ရေးလုပ်ငန်း စီမံချက် နှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်တို့ ဖြစ်ကြောင်း။
အမျိုးသားအဆင့် ကျားထိန်းသိမ်းရေးစီမံချက်ကို စိန့်ပီတာစဘတ် ကြေညာချက်ဖြစ် သည့် “ကျားများ နှစ်ဆတိုးပွား” (Tigers Times Two) ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ ကျားကောင်ရေ နှစ်ဆတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားအဆင့် ကျားထိန်းသိမ်းရေး စီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြောင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည် တည်ထောင်ခြင်းလုပ်ငန်း အစီအစဉ်တွင် အဓိကလုပ်ငန်းကြီး နှစ်ရပ်ဖြစ်သည့် နေရင်းဒေသ ပြန်လည်ထိန်းသိမ်းခြင်းနှင့် ထိန်းသိမ်း ကာကွယ်ခြင်းအပေါ် အလေးထားဆောင် ရွက်နိုင်ရန်နှင့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်းကို မြှင့်တင်ဆောင်ရွက်နိုင်ရန်တို့ ဖြစ်ကြောင်း။
ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင် လေ့လာမှုများအရ ကျားကောင်ရေ အနေဖြင့် ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာကြောင်း၊ ကျားအစားခံ သတ္တဝါများလည်း ပေါများမှုရှိလာကြောင်း၊ ကမ္ဘာ့ဘဏ်၏ လေ့လာခန့်မှန်းမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၃၅ ကောင်မှ အကောင် ၇၀ အထိ ရှိနိုင်ကြောင်း။
မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှကျား ပြန်လည်တိုးပွားရေး လုပ်ငန်း စီမံချက်၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် နိုင်ငံ၏ ကျားထိန်း သိမ်းရေးဦးစားပေးလုပ်ငန်း (၄)ခု ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဝန်ကြီးအဆင့် ညီလာခံ အစည်းအဝေးသည် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်စေရန်နှင့် နိုင်ငံအဆင့် ကျားထိန်းသိမ်းရေးတွင် နိုင်ငံအဆင့်အကြီးအကဲများအကြား မူဝါဒရေးဆွဲမှုတွင် မြှင့်တင်ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ရပ်ဖြစ်စေကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ဘုံ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော သဘာဝတောနေ ကျားများ၊ ၎င်းတို့၏ နေရင်းဒေသနှင့် သက်ရှိ ဇီဝမျိုးစိတ်အားလုံးကို ထိန်းသိမ်းနိုင်မည့် အပေါ် ယုံကြည်ချက်ရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး၊ ကျား ထိန်းသိမ်း ရေးဆိုင်ရာ ကွာလာလမ်ပူ ပူးတွဲထုတ်ပြန်ချက်၊ အရှေ့တောင်အာရှ ဒေသတွင်း ကျား ပြန်လည် တိုးပွားရေး လုပ်ငန်းစီမံချက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ် ဆန်းစစ်ချက်များကို အတည်ပြု ထုတ်ပြန်သည်။
ညီလာခံသို့ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်၍ ကျားကျက်စားရာ နိုင်ငံ (၁၃)နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ရုရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သက်ဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)