နေပြည်တော်၊ ဇန်နဝါရီ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝါးကတုတ် ရေလှောင်တမံ တမံကြံ့ခိုင်ရေး သဘာဝဘေးလုံခြုံရေး လုပ်ငန်းများနှင့် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ထိုင်းငါးခုံးမကြီးနှင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
မိုးယွန်းကြီးကန်အား ရေကူဖြည့်တင်းပေးလျက်ရှိသကဲ့သို့ ပဲခူး၊ ဝေါ နှင့် သနပ်ပင် မြို့နယ်များ၏ နွေစပါးစိုက်ဧက သုံးသောင်းကျော်ကို စိုက်ပျိုးရေ အကျိုးပြုလျက်ရှိသည့် ဝါးကတုတ် ရေလှောင် တမံတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်း၍ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းကို ဒေသနေ ပြည်သူများ၊ ငါးမွေးတောင်သူများ တပိုင်တနိုင် လုပ်ကိုင်နိုင်စေရန်နှင့် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြုပ်နှံသူလုပ်ငန်းရှင်များကို နည်းပညာနှင့် အကူအညီများ ပေးလျက်ရှိသည်။
အဆိုပါ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးရေးကို ဆောင်ရွက်ခြင်းဖြင့် ငါးလုပ်ငန်းလုပ်ရန် မြေလိုအပ်ချက်နှင့် ကနဦးရင်းနှီးမြုပ်နှံမှုကို လျော့နည်းစေပြီး ငါးထုတ်လုပ်မှုကို အချိန်တိုအတွင်း သိသာစွာတိုးတက်ထုတ်လုပ်နိုင်သဖြင့် ဒေသနေပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရ ပြည့်ဝရေးနှင့် ဝင်ငွေတိုးတက်ရေးကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)