Skip to main content

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ (၁/၂၀၂၂) အစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက် သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က ယခင် အပတ်အစည်းအဝေး အမှတ်စဉ်(၁၈/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ မျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီး ဌာနများမှ ပေးပို့တင်ပြလာသော အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ က ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာသော အမှာစာကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြရန် သို့မဟုတ် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်တို့ကို အတည်ပြုပေးသည်။

ထို့နောက်  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း က  ကော်မတီ၏ ၁၆/ ၂၀၂၁ အစည်း အဝေးတွင် တင်ပြဆွေးနွေး ချက်ဖြစ်သော သဘာဝဘေး အန္တရာယ် မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးစီးဝင်ခြင်း မရှိစေရန် မိုးကြိုးလွှဲများ တပ်ဆင်ထားခြင်းမရှိသော ကျောင်းများတွင် မိုးကြိုးလွှဲများ တပ်ဆင်ထား ရှိရန်နှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် စောဒန်နီယယ် ၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ ပြည်သူ့ရေးရာ စီမံခန့် ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)