Skip to main content

စာရင်းအင်းလုပ်ငန်းများ ခေတ်စနစ်များနှင့်အညီ လုပ်ကိုင်နိုင်ရန် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသစ်ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်

နေပြည်တော် ဇန်နဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ နေပြည်တော် စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အသိပညာမြှင့်တင်ရေးဆွေးနွေး

ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော စာရင်းအင်းဥပဒေနှင့် ၂၀၂၁ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သော စာရင်းအင်းနည်းဥပဒေများ သက်ဝင်လာစေရန်၊ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သော သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား စာရင်းအင်းဥပဒေ၊ နည်း ဥပဒေများနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် စာရင်းအင်း လုပ်ငန်း စဉ်များကို ဆောင်ရွက် ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၅၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် စာရင်းအင်းအက်ဥပဒေသည် နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပြီး ခေတ်စနစ်နှင့် လျော်ညီမှုမရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် စာရင်းအင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ လုပ်ကိုင်နိုင်ရန် အတွက် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများကို အသစ်ရေးဆွဲပြဋ္ဌာန်းရခြင်း ဖြစ်ပါကြောင်း၊ စာရင်းအင်းဥပဒေအရ စာရင်းအင်းအချက် အလက်များ ခိုင်မာအားကောင်းရန်၊ ပြည့်စုံမှန်ကန်မှု ရှိစေရန်၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သည့် ဌာနများအတွက် ပြည်ထောင်စုအဆင့်တွင် စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

အမျိုးသားစာရင်းအင်းစနစ် အရည်အသွေး ပြည့်ဝရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုစနစ်များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ သန်းခေါင်စာရင်းနှင့် စစ်တမ်းများ ကောက်ယူရာတွင် နည်းပညာအကူ အညီများ၊ အကြံဉာဏ်များပေးအပ်ခြင်း၊ စာရင်းအင်း ဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည် ဖော်ခြင်း၊ မြန်မာနိုင်ငံ၏ တရားဝင် စာရင်းအင်းများ ထုတ်ပြန်ခြင်း၊ အားပေးမြှင့်တင် ခြင်းနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသား စာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်းအချက် အလက် ပံ့ပိုးပေးနေသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အရည်အသွေးပြည့်ဝရေး ဆောင်ရွက်

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်လည်း နေပြည်တော်စာရင်းအင်း အချက် အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီကို ပြည်ထောင်စုနယ်မြေ တွင်ရှိသည့် ဌာနများနှင့်ဖွဲ့စည်းပြီး စာရင်းအင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ စာရင်းအင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ရန် တို့အတွက်အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ အသိပညာ ပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် အမျိုးသား စာရင်း အင်းစနစ်အတွင်း ပါဝင်ပတ်သက် သူများအားလုံးနှင့် ဌာနဆိုင်ရာများအားလုံးသည် စာရင်းအင်းလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ကြရာတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

မေးမြန်းဆွေးနွေး

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေး မှူးချုပ် ဦးထွန်းဇော်က စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အကြောင်း အရာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်