Skip to main content

နိုင်ငံအနာဂတ်တိုးတက်ရေး ပညာရေးကိုဦးစားပေး

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခြေခံ ကျသည့်အရေး ပါသောကဏ္ဍဖြစ်သည်။ ပညာအရည်အသွေးမြင့်မားသည့်လူ့စွမ်းအား အရင်းအမြစ်များ ပေါများသောနိုင်ငံသည် ဘယ်မှာလျှင်မဖွံ့ဖြိုးဘဲ ရှိနိုင်ပါအံ့မည်နည်း။ ပညာအရည်အချင်း နိမ့်ကျပြီး လူ့စွမ်းအားအရင်းအမြစ် နည်းပါး သောနိုင်ငံသည် မဖွံ့ဖြိုးဘဲ ဆင်းရဲတွင်းသံသရာ လည်နေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ပညာအရည်အသွေးမြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးစားပေးဆောင်ရွက်ကြသည်။

ပညာရေးသည် နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံထားရသည့် အဖိုးတန်ရတနာ ဖြစ်သည်။ နိုင်ငံ့ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်မြော်တွေး၍ နှစ်ရှည်စီမံကိန်းများဖြင့် အကောင် အထည်ဖော်ကြသည်။ မျိုးဆက်တစ်ခုတိုးတက်မှုဖြင့် ထွန်းပေါက်စေရေးအတွက် ပညာကို အလေးအနက်ထား၍ အချိန်ယူကာ ရင်းနှီး မြှုပ်နှံ အကောင်အထည်ဖော်ကြသည်။ စေတနာ၊ အနစ်နာ၊ ဝါသနာ ရင်းနှီးမြှုပ်နှံမှု များဖြင့် နိုင်ငံ့အနာဂတ်အတွက် မျိုးဆက်သစ်များကို ပျိုးထောင်ကြသည်။ အရည် အသွေးပြည့်ဝသောပညာတတ်များ ပေါ်ထွက်လာရေးအတွက် မြင့်မားတိုးတက်သောစီမံကိန်းများနှင့် အရည်အချင်းပြည့်ဝသော ဆရာများဖြင့် အကောင် အထည် ဖော်ကြသည်။

မြန်မာနိုင်ငံ၏ ပညာရေးမြင့်မားတိုးတက်လာရေးအတွက် လက်ငင်းလိုအပ် ချက်များကို ဆင်ခြင်ပြီး အားသာချက်၊ အားနည်းချက်များကိုရှုမြင်ကာ နိုင်ငံ့အနာဂတ်အတွက် အလေး အနက်ထား၍ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည် ဖော်ရမည်ဖြစ်သည်။ ဇန်နဝါရီလ ၁၇ ရက်နေ့ကပြုလုပ်သော အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များသည် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး၊ အနာဂတ်တွင် အရည်အချင်း ပြည့်ဝသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေးအတွက် သက်ဆိုင်သူများအားလုံးက လက်တွေ့ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့် လမ်းညွှန်ချက်များကို ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကသင်ကြားရေးနှင့် ပတ်သက်၍ “ကျောင်းသား ကျောင်းသူများ ပညာရပ်များကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ စာများများဖတ်ရှုလေ့လာစေရေး တိုက်တွန်းဆောင်ရွက်ပေးမည်ဆိုပါက ကျောင်းသား/ကျောင်းသူများ၏ ပညာရေး တိုးတက် လာမည်ဖြစ်ကြောင်း” မှာကြားထားသည်။ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ “ဆရာ ဆရာမများသည် ဝါသနာ၊ စေတနာ၊အားပေးကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆရာ ဆရာမများအား ပညာအရည်အချင်းအလိုက် ခံစားမှုများကို တိုးမြှင့်ပေးခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးပိုင်းတွင် တာဝန်ရှိသူများကို သင်ကြားရေးပိုင်းတွင်သာ တာဝန်ပေးအပ်ရန်လိုပြီး အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အုပ်ချုပ် ရေးတွင် တာဝန်ရှိသူများကိုသာ တာဝန်ပေးအပ်မည်ဆိုပါက အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများ အဆင်ပြေမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆရာ ဆရာမများ ကိုလည်း တိုးတက်ပြောင်းလဲနေသည့် သင်ခန်းစာအသစ်များကို လေ့လာနိုင်စေရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် လိုအပ်ကြောင်း” လမ်းညွှန်မှာကြားထားသည်။

ဆရာ ဆရာမဟူသည် ပညာပေးဝေသော အသိပညာရှင်များဖြစ်၍ သင်ကြား ပေးမည့်ပညာများ အစဉ်သွက်လက်ထက်မြက်ကောင်းမွန်နေစေရန်၊ မိမိတို့၏ တပည့်များ အမှန်တကယ်ပညာ တတ်မြောက်ရေးအတွက် အကောင်းဆုံးသင်ကြား ပေးနိုင်ရန် အစဉ်ကြိုးစားနေကြရသူများ ဖြစ်သည်။ ထို့ကြောင့်သင်ကြားရေးမှအပ အခြား ဗာဟီရများသည် ပညာပေးဝေရေးအတွက် အားနည်းနှေးကွေးစေသော အချက်ဖြစ်၍ ဆရာ ဆရာမများနှင့်ပတ်သက်၍ မဖြစ်မနေ လုပ်ကိုင်ရမည့် အခြားလုပ်ငန်းမှလွဲ၍ ပညာရပ်ဆိုင်ရာလုပ်ငန်းတစ်မျိုးတည်းကိုသာ ဇောက်ချ လုပ်ကိုင် သင့်ပေသည်။

မျက်မှောက်ကာလသည် အစဉ်တိုးတက်ပြောင်းလဲနေသော နည်းပညာခေတ် ဖြစ်၍ ကမ္ဘာကြီးနှင့် အဆက်အသွယ်မပြတ်ဘဲ အစဉ်တိုးတက်နေစေရေးအတွက် ပညာရေးကဏ္ဍမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ပညာရေးကို အစဉ်တိုးတက် ပြောင်းလဲအောင်၊ အစဉ်တောက်ပြောင်အောင်ကြိုးပမ်းဆောင်ရွက် နေကြရမည်ဖြစ်သည်။ ကျောင်းသင်ပညာတတ်မြောက်ပြီး အတန်းအောင်ရေးထက် အသိပညာဗဟုသုတနှင့် အတွေးအခေါ် မြင့်မားသောကျောင်းသား ကျောင်းသူများ ဖြစ်အောင် မွေးထုတ်ပေး ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပညာရေးကဏ္ဍ အလုပ်လမ်းညွှန်များကို အလေးထားလိုက်နာအကောင်အထည် ဖော်ကြခြင်းဖြင့် အနာဂတ်ကာလ မြန်မာနိုင်ငံ၌ အရည်အချင်းပြည့်ဝသော ပညာတတ် လူသားအရင်းအမြစ်များ များစွာပေါ်ထွက်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း။