Skip to main content

ကုန်သွယ်မှုအခက်အခဲများရှိသော်လည်း မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရမည်

နေပြည်တော်၊ ဇန်နဝါရီ ၁၉

ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေး၌ ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ကျန်စမ်းကျော့၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်၍ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ဝင်ထွက်သည့် ဂိတ် (၅) ခုရှိပြီး ယခုအခါ ကျိန်စန်းကျော့ ဂိတ်တစ်ခုတည်း ကိုသာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ပို့ကုန်တင်ပို့နိုင်မှုပမာဏ လွန်စွာနည်းပါးနေသေးကြောင်း၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကုန်သွယ်မှု ကန့်သတ်ချက် နှင့် အခက်အခဲများစွာ ရှိနေကြောင်း၊ ပိုးသတ်ရခြင်း၊ ယာဉ်ချိန်းပြောင်းရခြင်း၊ ရှန်တိန် ယာဉ်မောင်းများဖြင့် ဆောင်ရွက်ရခြင်းနှင့် ကုန်ပစ္စည်းများ ချိန်းပြောင်းရခြင်းများကြောင့် ကုန်ကျစရိတ်များခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း စသည့် ကုန်သွယ်မှုအခက်အခဲများ ရှိသော်လည်း ကျော်လွှားနိုင်ရန် ဆောင်ရွက်ပြီး မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများအနေဖြင့် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ကိုယ်စားလှယ် တာဝန်ရှိသူ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ခက်ခဲသည့် ကိစ္စရပ်များကို တင်ပြကြရန်ဖြစ်ပြီး ပြည်ထောင်စုအဆင့်မှ ဆက်လက်ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံနယ်စပ် အချင်းချင်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော်လည်း ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဖက် နိုင်ငံမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် (Task Force) လုပ်ငန်းအဖွဲ့များက ကဏ္ဍအလိုက် ဆောင်ရွက်မှုကို တင်ပြပေးကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဆပ်ကော်မတီဝင်များ၊ Task Force အဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာကြသည့် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေး ခဲ့ကြောင်း  သိရသည်။

သတင်းစဉ်