Skip to main content

ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတစ်ရပ်၏ ပြယုဂ်- ခေါင်းဆောင်မှု အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၉

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဉီးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများဖြင့်‌ ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုး တိုးတက်မှု အလားအလာကောင်း တစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှု အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ  ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ  ပြည်ထောင်စု ရာထူးဝန် အဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ပိတ်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ယနေ့အလုပ်ရုံ ဆွေးနွေးပွဲအရ ထွက်ပေါ်လာသော တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက် များအပေါ် အလေးအနက်ထားပြီး လိုက်ပါအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ချက်ချင်းဆောင်ရွက်ရန် ရှိသကဲ့သို့ ရေရှည် အတွက် စနစ်တကျ အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ခြင်းဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများ၊ မူဝါဒများတိုးတက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တစ်ဦးချင်း၊ အဖွဲ့အစည်းအလိုက် အရည်အသွေးများ တိုးတက် လာမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းတာဝန်များကို အခါအားလျော်စွာ ပြန်လည်သုံးသပ်ခြင်းများကို ပုံမှန်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များဖြစ်သော ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲကာလမှာ ဇန်နဝါရီ ၁၇ ရက် မှ ၁၉ ရက်အထိဖြစ်ပြီး သတ်မှတ်ခေါင်းစဉ်များ အလိုက် ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အုပ်စုအလိုက်ခွဲ၍ ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း၊ ရလဒ်များ သုံးသပ်ဖော်ထုတ်ခြင်းများ ဆောင်ရွက်ကြပြီး အကောင်းဆုံး ဆွေးနွေးတင်ပြသူများ၊ အကောင်းဆုံး ပါဝင်ဆွေးနွေးသူများနှင့် အကောင်းဆုံး အုပ်စုအလိုက် ဆွေးနွေးတင်ပြသည့် အုပ်စုကို ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်