Skip to main content

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၇

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးထွန်းအုံ၊ ဦးအောင်ကျော်ထွန်း၊ ဦးဇော်ဝင်း၊ ဒေါက်တာအေးထွန်း၊ ဦးမင်းထိန်၊ ဦးဇော်အေးမောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

လေးလေးနက်နက်ဆောင်ရွက်

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအပါအဝင် ယခုကာလတွင် ဆောင်ရွက်မည့်  ဆောင်ရွက်ချက်များသည်နိုင်ငံ၏  ပုံရိပ်ဖြစ်သည့်အတွက် သာမန်လုပ်ငန်းများထက် ပိုမိုလေးလေး နက်နက်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာများ၊ အချိန် အခါမဟုတ် မိုးရွာသွန်းခြင်း အပါအဝင် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များအားလုံးကို ကြိုတင်မျှော် တွေး ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့် က အခမ်းအနား အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေ၊  ဆက်လက်ဆောင်ရွက်သွားမည့်  လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးများ၊ တာဝန်ရှိသူများက ဂုဏ်ပြုအခမ်း အနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေး တင်ပြချက်များအပေါ် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက် ဆွေးနွေးမှာကြားပြီး  အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်