နေပြည်တော် ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပထမနေ့ ဒုတိယပိုင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က တက္ကသိုလ် ပါမောက္ခချုပ်များအနေဖြင့် အစည်းအဝေးတွင် မိမိတို့တက္ကသိုလ်အလိုက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှုကောင်းမွန်ရေးနှင့် အဆင့်မြင့်ပညာရေး အရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်ပေးနေချိန်တွင် မိမိတို့တက္ကသိုလ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထုတ်ကြိုးစား ဆောင်ရွက်ကြစေလိုပါကြောင်း၊ အမှန်တကယ်လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးနိုင်ရေး အတွက် ဆွေးနွေးတင်ပြကြစေလိုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် Ph.D သင်တန်းဖွင့်လှစ်နိုင်သောတက္ကသိုလ် အနည်းဆုံးတစ်ခုရှိရေးကိုလည်း ထည့်သွင်းဆွေးနွေးကြစေ လိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်အလိုက် စာကြည့်တိုက်များကို အဆင့်မြှင့်တင်ပြီး ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း။
တက္ကသိုလ်ပရဝုဏ်များအတွင်း အင်တာနက်၊ ဝိုင်ဖိုင်စနစ်များ လွှမ်းခြုံနိုင်ရေး ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ အမှန်တကယ် လိုအပ်ချက်ရှိသော ကျောင်းဆောင်များ ပြင်ဆင်နိုင်ရေး၊ ကျောင်းဆောင်အသစ် ရရှိရေး၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ ဖြည့်ဆည်းပေးနိုင်ရေးကို ဆွေးနွေးကြစေလိုပါကြောင်း၊ လိုအပ်သည့် ရေ၊ မီးစနစ်၊ မီးသတ်စနစ်များကို ထည့်သွင်းဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ တက္ကသိုလ် အားကစားရုံ၊ အားကစားကွင်းများ တည်ဆောက်ရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တည်ဆောက်နိုင်ရေး တွက်ချက်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များကိုယ်တိုင် စာသင်ခန်းများအထိ ကွင်းဆင်း၍ ကျောင်းသားကျောင်းသူများ၏ ပညာအရည်အသွေးတိုးတက်ရေး၊ အမှန်တကယ် တတ်မြောက်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းဝယ်ယူရေး ဆောင်ရွက်ရာတွင် နားလည်တတ်ကျွမ်းသော ပါမောက္ခများ ပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ အကျိုးရှိပြီး အမှန်တကယ်လိုအပ်သော၊ ထိရောက်စွာ အသုံးပြုနိုင်မည့် စက်ပစ္စည်းများကိုသာ မှာယူရန်နှင့် တက္ကသိုလ်တိုင်းတွင် တူညီသော စက်ပစ္စည်းများရှိရန် လိုပါကြောင်း၊ ဆရာကြီး ဆရာမကြီးများအနေဖြင့် ယနေ့အစည်းအဝေးတွင် အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က အဆင့်မြင့်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဆင့်မီ၊ ခေတ်မီသင်ရိုးညွှန်းတမ်းများသို့ ဦးတည်ရေးဆွဲ သင်ကြားနိုင်ရေး ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့်အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယနေ့ကျင်းပသည့် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်အထိ (၃)ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)