နေပြည်တော် ဇန်နဝါရီ ၁၇
ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းတစ်ရပ်၏ ပြယုဂ်- ခေါင်းဆောင်မှုအရင်းအမြစ် တည် ဆောက်ခြင်းဆိုင်ရာ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ က ပထမအကြိမ် ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ကို အခြေခံ၍ တွေးခေါ်မှုများ၊ လေ့လာနိုင်သည့် စွမ်းအားများအပေါ်မူတည်၍ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် တွေ့ရှိချက်၊ အကြံပြု ချက်များအပေါ်မူတည်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဆုချီးမြှင့်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုအစဉ်အလာ ကောင်းကို ဆက်လက်ထိန်းသိမ်း၍ ပိုမိုကောင်းမွန်အောင် ဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းပေါင်းစပ်မှုများရှိမှသာ အောင်မြင်နိုင်မည် ဖြစ် သဖြင့် ယခု ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့၏ အမြင်၊ အတွေးအခေါ်များကို အတွေ့ အကြုံများနှင့်ပေါင်းစပ်ပြီး ဆွေးနွေးရမည့် ခေါင်းစဉ်အလိုက် အချိတ်အဆက်မိမိဖြင့် ဆွေးနွေးရန် လိုအပ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းမှသည် အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေမည်ဖြစ်ရာ လုပ်ငန်းခွင်အောင်မြင်မှုကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း။
ဝန်ထမ်းများ၏ တစ်ဦးချင်းကြိုးစားအားထုတ်မှုမှသည် ဌာန၊ အဖွဲ့အစည်း၏ လုပ်ငန်း များအောင်မြင်မှုရရှိစေရေးနှင့် တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ အကောင်း ဆုံးလိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယခုကျင်းပသည့် ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲသည် အဖွဲ့လိုက် ဆောင်ရွက်နိုင်စွမ်းမြှင့် တင်ရေးနှင့် အသင်းအဖွဲ့စိတ်ဓာတ် ခိုင်မာအားကောင်းစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် "အဖွဲ့လိုက်အရွေ့" ခေါင်းစဉ်နှင့်" အဖွဲ့အစည်းအတွင်းအဖွဲ့လိုက်ဆက် သွယ်ဆောင်ရွက်မှုများ" ခေါင်းစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် "လုပ်ငန်းခွင်အတွင်းအငြင်းပွားမှုနှင့် စေ့စပ်ဆွေးနွေးခြင်း" ခေါင်းစဉ်နှင့် "အဖွဲ့အစည်းအတွင်းခေါင်းဆောင်မှု" ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲတတိယနေ့တွင် ပထမနေ့နှင့် ဒုတိယနေ့များတွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အလိုက် စုဖွဲ့၍ဆွေးနွေးခြင်း၊ ယင်းဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း တို့ကိုပြုလုပ်ခဲ့ပြီး ဆွေးနွေးတင်ပြခဲ့သည့်အပေါ် တစ်ဦးချင်းအလိုက်၊ အုပ်စုအလိုက် ဆုချီးမြှင့်ပေးအပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
အလုပ်ရုံ ဆွေးနွေးပွဲကာလမှာ ဇန်နဝါရီ ၁၇ ရက်မှ ဇန်နဝါရီ ၁၉ ရက်အထိဖြစ်ပြီး အရာထမ်း၊ အမှုထမ်း (၆၆)ဦး တို့က သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)