နေပြည်တော် ဇန်နဝါရီ ၁၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံများ ပြုပြင်/ထိန်းသိမ်း/မောင်းနှင်ခြင်း သင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေးနည်းပညာများသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလျှက်ရှိသည့်အတွက် မိမိတို့အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူအင်ဂျင်နီယာဆိုင်ရာ အရည်အချင်းများ တိုးတက်စွမ်းဆောင် နိုင်ကြစေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများ၏ စွမ်းဆောင်ရည်မြင့်မားလာမှသာ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေရသည့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေး တိုးတက်လာမည်ဖြစ်သကဲ့သို့ လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုများ လျော့နည်းစေရန် စွမ်းဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများ၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်ပညာများဖြစ်သည့် Artificial Intelligence (AI) , Internet of Things (IOT) ကို အသုံးပြု၍ ကုန်ကျစရိတ်သက်သာ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရမှုနည်းပါးပြီး ထိရောက်သည့် စွမ်းဆောင်ရည်များရရှိမည့် AIS, GIS, Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံများကို တည်ဆောက်ခြင်းနှင့် မောင်းနှင်ခြင်း၊ Design များရေး ဆွဲတတ်စေရန် သင်ကြားပေးမည်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်လည်း သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး လျှပ်စစ်ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးစည်းရုံးမှုများ ပြုလုပ်ကြရမည် ဖြစ်သကဲ့သို့ ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခများကို သတ်မှတ်ချိန် အတွင်းကောက်ခံရရှိရေး အောက်ခြေအထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး က သင်တန်းနည်းပြနှင့် သင်တန်း သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)