Skip to main content

ဝါစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်တွင်းထုတ်လုပ်အသုံးပြုမှုမှ ပိုလျှံသည့် ဝါဂွမ်းများကို ပြည်ပသို့တင်ပို့မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၃

ဝါစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်တွင်းထုတ်လုပ်အသုံးပြုမှုမှ ပိုလျှံသည့် ဝါဂွမ်းများကို ပြည်ပသို့ တင်ပို့မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဝါသီးနှံကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးသည့်တောင်သူ၊ ဝယ်ယူသိုလှောင်ကြိတ်ခွဲသည့်စက်ပိုင်၊ ကုန်ချောအသုံးပြု ထုတ်လုပ် ရောင်းချသည့် ချည်မျှင်စက်နှင့် ပြည်ပတင်ပို့သည့် လုပ်ငန်းရှင်များပါဝင်သည့် အပိုင်း(၃) ပိုင်းရှိရာ Supply Change တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ဖြစ်သင့်ဖြစ်ထိုက်သည့် အကျိုးအမြတ်ရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝါထုတ်လုပ် တင်ပို့မှုကို ပြည်ပ ဝယ်လိုအား ရှိနေချိန်၊ ဈေးကောင်းရရှိချိန်တွင် ဆောင်ရွက်နိုင်မှသာ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်တွင်း အထွက်နှုန်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်၊ ဒေသအလိုက် ဈေးကွက်ပေါက်ဈေးတို့အပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းရှင်များအတွက် အကျိုးရှိနိုင်မှု ကိုလည်း ထည့်သွင်းစဉ်းစား ပေးရမှာဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် ဝါကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေ၊ ကုန်ကြမ်း ဝယ်ယူရာမှာ တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်လင်းစွာ ဆွေးနွေးပေးစေလိုပါကြောင်း၊ ဝါကဏ္ဍ ကျယ်ပြန့်သည့်အတွက် အသေးစိတ်ဆွေးနွေးမှုများ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဖြည့်စွက်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ စီးပွားရေးရာ ဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝါနှင့် ဝါထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၊ ချည်စက်လုပ်ငန်းရှင်များအသင်းနှင့် ပြည်ပသို့တင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)