ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် Shenzhen ဗုဒ္ဓဘာသာ အဖွဲ့ အတွင်းရေးမှူး၊ တောင်တရုတ်ပင်လယ် တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ Hongfa ဘုန်းတော်ကြီးကျောင်း ဆရာတော် Venerable Master YinShun က လှူဒါန်းသော တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ် − ၁၉ ရောဂါကာကွယ်ဆေး ၅၀၀၀ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်ကြီး၏ ဘုရားခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် အလှူရှင် Shenzhen ဗုဒ္ဓဘာသာအဖွဲ့ကိုယ်စား ဒေါ်ဌေးဌေးမော်နှင့် တရုတ်ကုန် သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအိုင်ထွန်းတို့က လှူဒါန်းခြင်း အကြောင်းကို လျှောက်ထားကြပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ၅၀၀၀ ကို ပေးအပ်လှူဒါန်းကြရာ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းက လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (Myanmar Chinese Chamber Of Commerce)နှင့် Fu Xing Brothers Group Of Companies ဥက္ကဋ္ဌ ဦးအိုင်ထွန်းနှင့်ဇနီး အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ဒေါ်နန်းခင်ညွန့် မိသားစုတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် တာဝန်ကျ ဒုတိယဥက္ကဋ္ဌ နှစ်ပါး၊ တွဲဖက်အကျိုးတော်ဆောင်တစ်ပါး၊ အဖွဲ့ဝင် တစ်ပါးတို့ထံ အလှူငွေကျပ် သိန်း ၂၀၀ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းလောင်းအမျှပေးကြသည်။
(သတင်းစဉ်)