Skip to main content

တရားမဝင် သစ်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော် ဇန်နဝါရီ ၁၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် သံလွင်တံတား (ဘားအံ) တာဝန်ကျ အကောက်ခွန်အဖွဲ့မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အေးခဲ ဘဲသား ၂၀၈၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၀၀၀၀၀)၊ အေးခဲကြက်နက်သား ၉၇၅ ကီလို ဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၅၀၀၀၀) နှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၈၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ဇန်နဝါရီ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များက သတင်းအရကြံခင်းမြို့နယ် အတွင်း သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်းကတိုး၊ ကျွန်းသစ်ခွဲသား (၁ ဒသမ ၆၀၆၄) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၈၅၁၂၀) ကို ဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင်သစ်များ ထုတ်လုပ်လျက် ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်သစ်မျိုးစုံ (၁၂ ဒသမ ၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၈၀၀၀) ဖမ်းဆီးရမိခဲ့သည်။ အလားတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ပဲခူး၊ တောင်ငူနှင့် ပြည်ခရိုင်အတွင်းရှိ ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင် သစ်များ ထုတ်လုပ်လျက်ရှိကြောင်း သတင်း အရဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင် သစ်မျိုးစုံ (၈ ဒသမ ၁၃၂)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၀၀၀) ဖမ်းဆီးရမိခဲ့သည်။

 

သို့ပါ၍ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ဖမ်းဆီးရမိသည့် သစ်မျိုးစုံ (၂၂ ဒသမ ၆၃) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၄၀၁၂၀)အား သိမ်းဆည်းခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် ဖမ်းဆီးရမိသည့် စားသောက်ကုန်ပစ္စည်း ၃၀၅၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၅၀၀၀၀)နှင့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

 

သတင်းစဉ်