နေပြည်တော် ဇန်နဝါရီ ၁၁
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၀ -၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူသော မီးသတ်ယာဉ် ၁၁ စီး လွှဲပြောင်းပေးအပ်ခြင်းနှင့် လေ့ကျင့်ရေးမျှော်စင် (RESCUE Training Tower) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မီးသတ်ယာဉ် ၁၁ စီးကို လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းက လက်ခံ ရယူပြီး အထိမ်းအမှတ်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မီးသတ်ယာဉ်များ လက်ခံရရှိသည့် ခရိုင်/မြို့နယ် တာဝန်ခံများကိုယ်စား ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးနောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မီးသတ်ယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး မီးသတ်ယာဉ်များ၏ စက်စွမ်းရည် သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သော လေ့ကျင့်ရေးမျှော်စင် (RESCUE Training Tower) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှု အားပေးပြီး ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
သတင်းစဉ်