ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ရာတွင် နယ်ချဲ့ လက်သစ်များ၏ သွေးထိုးသပ်လျှိုပေးမှုနှင့် ပြည်ပအားကိုးအမျိုးသား သစ္စာဖောက်များက တိုင်းပြည်ပျက်စီးရေးကို အမျိုးမျိုး နှောင့်ယှက်လုပ်ကိုင်လျက်ရှိသည်။ တိုင်းပြည်အတွင်း၌ ပဋိပက္ခများ ဖြစ်ပေါ်စေရေး၊ အချင်းချင်းစိတ်ဝမ်းကွဲပြားပြီး တည်ငြိမ်အေးချမ်းမှု မရှိရေး တို့ကို တစိုက်မတ်မတ် လုပ်ကိုင်ဖျက်ဆီးနေကြသည်။ နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှု မရှိပါက ဆက်လက်ဆောင်ရွက်ရမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အလှမ်းဝေးနေမည်ဖြစ်သည်။
“နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စသည့် တိုင်းပြည်ကောင်းကျိုးများကို ဆောင်ရွက်ရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသောပေါင်းစု အင်အားဖြင့် တက်ညီလက်ညီ တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်မှသာ ရည်မှန်းချက်ပန်းတိုင် မယိမ်းမယိုင်ဘဲ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်စည်းလုံးညီညွတ်ရေးနှင့် မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်များ ထက်သန်ခိုင်မာရေးသည် အရေးကြီးပေသည်။
“မိမိတို့တိုင်းရင်းသား အားလုံးသည် ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသားရေးစရိုက် လက္ခဏာများကို အစဉ်လေးစား တန်ဖိုးထားကြသူများဖြစ်ပါသည်။ အမျိုးသားရေး လက္ခဏာများနှင့် အမျိုးသားယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးများစွာရရှိနိုင်မည် ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်လျက်ရှိရာ အမျိုးသားရေး စိတ်ဓာတ်ရှိကြရန် အလွန်အရေးကြီးသော အချိန်ကာလ ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အသိပေး ပြောကြားခဲ့သည်။
ယနေ့အချိန်အခါတွင် တိုင်းရင်းသားပြည်သူအားလုံး အမျိုးသားရေးစိတ်ဓာတ်များ မွေးမြူကြရန် အထူးလိုအပ်နေသည်။ နိုင်ငံကို တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသော အချိန်အခါတွင် နှောင့်ယှက်ဖျက်ဆီးနေသော ပြည်တွင်း၊ ပြည်ပ အဖျက်အန္တရာယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံစွမ်းအားများဖြင့် ခုခံတွန်းလှန် ကာကွယ်နိုင်မည် ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်ခိုင်မာရေးအတွက် စိန်ရတု ပြည်ထောင်စုနေ့ ယနေ့ကာလတွင် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာများကို ပြန်လည်ဖော်ထုတ်မြှင့်တင်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသား လူမျိုးအချင်းချင်း၏ ဓလေ့ထုံးတမ်းစဉ်လာများကို လေးစားတန်ဖိုးထားကြခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရိုင်းပင်းပြီး အမျိုးသားရေးစိတ်ဓာတ်များလည်း ထက်သန်ခိုင်မြဲလာမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေး၏တန်ဖိုးကို သိရှိနားလည်ကြသော တိုင်းရင်းသားပြည်သူများသည် ငြိမ်းချမ်းရေးကို လိုလားတောင့်တလျက်ရှိသဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရမည်ဟူသည့် ပြင်းပြသော စိတ်ဓာတ်များဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့များ၏ နှောင့်ယှက်ဖျက်ဆီးမှု အန္တရာယ်များကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းတွန်းလှန် ချေမှုန်းကြရမည်ဖြစ်သည်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့ဖြစ်သည်။ သို့ဖြစ်ရာ အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်း ပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွားစေရေးတို့ကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် အသိရှိရှိ ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်