Skip to main content

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားပေးလျက်ရှိသည်ကို မလိုလားသည့် အကြမ်းဖက်သမားများက သင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်

 

နေပြည်တော် ဇန်နဝါရီ ၁၁

 

အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ပညာသင်ကြားမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များ အား ပညာသင်ကြားမှုပေးသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလျက်ရှိသည်။

 

ထိုကဲ့သို့ ဆရာ၊ ဆရာများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီလ ၈ ရက် ည ၉ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ပုတီးကျေးရွာနေ အထက(ပုတီး)ကျောင်းမှ မူလတန်းပြဆရာမဖြစ်သည့် ဒေါ်လှလှညွန့် (၄၈)နှစ် (ဘ) ဦးတင်လှသည် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မိုး(၅၃)နှစ် (ဖ)ဦးကြည်အောင်နှင့် အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၈ ဦးက လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ဒေါ်လှလှညွန့်အား CDM ပြုလုပ်ခြင်းမရှိသည့်အတွက်ဟုဆိုကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ပေချောင်ကျေးရွာအနီးအရောက် သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် ကသာမြို့နယ်၊ လက်ပန်ဇင် ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းအတွင်းသို့ လက်နက်များ ကိုယ်စီကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း ဆရာ၊ ဆရာမများနေထိုင်သည့် အခန်းများအား ဖျက်ဆီးဝင်ရောက်ပြီး ဆရာ၊ ဆရာမများအား “ကျောင်းဖွင့်လှစ်ခြင်း မပြုလုပ်ရန်၊ ကျောင်းဖွင့်ပါက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်ကိုအာမ မခံကြောင်းနှင့် ကျောင်းအား မီးရှို့ဖျက်ဆီးပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ ဆရာ၊ ဆရာမတို့၏ လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

 

ထို့အတူ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ကျောက်တုံးကြီးကျေးရွာ အထကကျောင်းဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမား ၄ ဦးက လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း နေထိုင်သည့် ဆရာ၊ ဆရာမများထံမှ လက်ကိုင်ဖုန်းများအား လုယက် ယူဆောင်ကာ၊ ကျောင်းဖွင့်လှစ်ခြင်းမပြုလုပ်ရန်ခြိမ်းခြောက် ပြောဆိုပြီး ဆရာ၊ ဆရာမများအား ခြေထောက်ဖြင့်ကန်ကျောက်ကာ၊ ဓားရိုးဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျောင်းဆရာ၊ ဆရာမအချို့တွင် ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ဒေါင့်ကြီးကျေးရွာရှိ အထက(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ အကြမ်းဖက်သမားတစ်ဦးက “ကျောင်းဖွင့်လှစ်ခြင်းမပြုရန်၊ ဆရာ၊ ဆရာမများနှင့် ကလေးများ၏အသက်ကို အာမ မခံကြောင်း” ဖုန်းဖြင့် ဆက်သွယ်ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

 

လက်ပန်ဇင်ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ကျောက်တုံးကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့သည် ကိုဗစ်ရောဂါဖြစ်ပွားနေမှုကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အထက(ကျောက်တုံးကြီး)၌ ကျောင်းသား၊ ကျောင်းသူ ၃၁၉ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်ကို လိုလားမှု မရှိဘဲ ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။