နေပြည်တော် ဇန်နဝါရီ ၁၁
ဝါစိုက်တောင်သူများ၏ ဝင်ငွေ တွက်ခြေကိုက်မှုရှိစေရန် တစ်ဧက ပျမ်းမျှဝါ ပိဿာ (၅၀၀)နှင့်အထက် ထွက်ရှိရေးအတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် ဝါမျိုးများ၊ သွင်းအားစုနှင့် နည်းပညာများ ကူညီပေးရန် လိုအပ်ကြောင်း ဇန်နဝါရီ (၉) ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ၌ တာဝန်ရှိသူများနှင့်ဆွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါသီးနှံ မျိုးသန့်ခြံ ချည်မျှင်ရှည် ဝါကြိတ်ခွဲမှုနှင့် ဝါမျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးမှု၊ ဝါစိုက်ပျိုးထုတ်လုပ်မှု သုတေသန တွေ့ရှိချက်များအပေါ် တောင်သူများကို လက်တွေ့ပြသပြီး နည်းပညာပေး ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်း တည်ဆောက်ရန်အတွက် မြေနေရာရွေးချယ်ထားသည့် အောင်လံမြို့နယ် ဝါနှင့် လျှော်မျှင် ထွက်သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ အနောက်ဘက်ရှိ စက်ရုံ ရပ်ကွက်ကိုလည်းကောင်း၊ အင်းကုန်းကျေးရွာ မြေလွတ်မြေလပ်နေရာများကို လည်းကောင်း၊ ကွမ်းကုန်း ကျေးရွာအုပ်စု မြေနေရာများကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်လျှပ်စစ် မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိကြပြီး ရေတင်လုပ်ငန်းမှ လက်ရှိရေပေးဝေနေမှု၊ ပင်မ ရေပေးမြောင်း ပြုပြင်ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက် ဒုရင်္ဂဗိုလ်သကြားစက်ရုံနှင့် အမှတ်(၁) သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး)တို့၌ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော မြေယာအသုံးပြုခွင့်ရရှိရေး၊ စက်ရုံများစွမ်းအားပြည့် လည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ ကံမလေးလျှပ်စစ် မြစ်ရေတင် စီမံကိန်းသို့ရောက်ရှိကြပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ်မြစ်ရေတင် ဆောင်ရွက်နေမှုနှင့် ရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)