နေပြည်တော် ဇန်နဝါရီ ၁၀
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းသစ်များ၏ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ ဆောင်၌ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများတွင် အတွေးသစ်၊ အမြင်သစ်များဖြင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မည့် အင်ဂျင်နီယာနှင့် အခြားဝန်ထမ်းသစ်များအတွက် ဌာန၏လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ငန်းစဉ်များကို စနစ်တကျ သိရှိနားလည် နိုင်စေရန် ယခုသင်တန်းကို စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း။
၂၀၂၂ ခုနှစ်တွင် မိမိဝန်ကြီးဌာနအနေဖြင့် ပထမဦးဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် အသစ်ခန့်ထားသည့် အင်ဂျင်နီယာဝန်ထမ်းများ၊ ငွေစာရင်း ဝန်ထမ်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထမ်းစုစုပေါင်း(၃၅၂)ဦးကို (Online) မှ ပို့ချသင်ကြားပေး မည်ဖြစ်ပါကြောင်း။
သင်တန်းသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းတာဝန်များကို စတင်ထမ်းဆောင်ရမည် ဖြစ်သည့် အတွက် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အပြန်အလှန် လေးစားတတ်မှုစသည့် အလေ့အထကောင်းများကို မွေးမြူပြီး ဝန်ကြီးဌာန၏ ဦးတည်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုပါကြောင်း။
ယခု အသစ်ခန့်အပ်သည့် ဝန်ထမ်းများတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်ပြီး၊ မွေးရပ်ဇာတိများနှင့် အနီးစပ်ဆုံးဒေသများတွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကာယ၊ ဉာဏစွမ်းအားဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန် အထူးမှာကြားလိုပါကြောင်း။
လုပ်ငန်းခွင်တွင် အခြေခံအဆောက်အဦများ အရည်အသွေးကောင်းမွန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော လမ်း၊ တံတား၊ အဆောက်အဦများ ဖြစ်ရန်အတွက် QA/QC ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ခေတ္တတာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်က သင်တန်းပို့ချမည့် အစီအစဉ်များကို ရှင်းလင်းပြော ကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)