နေပြည်တော် ဇန်နဝါရီ ၉
ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးစီးသည့် မြို့နယ်အလိုက် မြို့(၁၃) မြို့ကို ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၂) နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲ ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကချင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ တစ်အိမ်တက်ဆင်း ဆောင်ရွက်မှုကြောင့် ပြီးစီးပြီဖြစ်သည့် မြို့(၁၃)မြို့မှ ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ကျန်ရှိနေသည့် လျာထားချက်များကိုလည်း အချိန်မီ ပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်အပြင် နိုင်ငံတော် အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းနှင့် e-ID စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းလုပ်ငန်းများသည် မိမိဌာနမှ ဝန်ထမ်းများအပြင် ဆက်စပ်ဌာနများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ပြည်သူများအားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံနှင့်ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး အခြေအနေ များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက် ပေးမှု၊ ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်မျာ အားလုံး၌ ဆောင်ရွက်ပြီးဖြစ်သည့် မြို့(၁၃)မြို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် မြို့ပေါ်ရပ်ကွက် များ၌ ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ခရိုင် ဦးစီးမှူးများနှင့် ကာယကံရှင် ပြည်သူများထံ ပေးအပ်ကြသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ မိုးကောင်း၊ ရွှေကူ၊ မိုးမောက်၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်နှင့် မံစီု စသည့် မြို့နယ် (၁၃) မြို့နယ်၏ မြို့နယ်ရပ်ကွက်များ အားလုံး၌ တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုအခမ်းအနားတွင် အဆိုပါမြို့နယ် (၁၃)မြို့နယ်တို့မှ ဒေသခံပြည်သူများ အတွက် အိမ်ထောင်စု လူဦးရေစာရင်း (၅၃၇) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂၆၉၄)ကတ် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားတပ်နယ်၊ ဗလမင်းထင်ခန်းမသို့ သွားရောက်၍ မြစ်ကြီးနား မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တပ်နယ်ရှိ မိသားစုဝင်များကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)