Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်ရုံများနှင့် စိုက်ကွင်းများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇန်နဝါရီ  ၉

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ (၇) ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ငွေရည်ပုလဲကုမ္ပဏီလိမိတက်၏ Crown ဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး ဘိလပ်မြေထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် ပြည်ပသွင်းကုန် အစားထိုးစက်မှုထုတ်ကုန်ပစ္စည်းများကို အရည် အသွေးကောင်းမွန်ရန် ထုတ်လုပ်မှု အဆင့်တိုင်း၌ အရည်အသွေးအာမခံနိုင်ရေးအတွက် အရည်အသွေး ထိန်းသိမ်းသည့်စနစ် များထားရှိ၍ အမြဲမပြတ်စစ်ဆေးရန်၊ ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း မှာကြားပြီး တင်ပြချက်များ အပေါ်  ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆမ္မဆယ်စိုက်ကွင်းသို့ ရောက်ရှိစစ်ဆေးပြီး မြေလွတ်နေရာလွတ် မကျန်အောင် တိုးချဲ့စိုက်ပျိုးပြီး ယခုထက်ပိုမို အောင်မြင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စုရှိ တစ်နေ့တန်(၄၀၀) ကျ အမှတ် (၂) သကြားစက်(အင်းဝိုင်း) သို့ ရောက်ရှိပြီး သကြားထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်နှင့် အမှတ် (၃) သကြား စက်ရုံစီမံကိန်း (အင်းဝိုင်း) တစ်နေ့လျှင် ကြံတန်ချိန် (၁၂၀၀၀)ကျ သကြားစက်ရုံစီမံကိန်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ဆပ်ပြာစက်ရုံ(မန္တလေး)သို့ ရောက်ရှိပြီး ကုန်ထုတ်လုပ်ငန်း အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့ကို လိုအပ်သည်များကို မှာကြားသည်။

 

ဇန်နဝါရီ (၈)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျောက်ဆည်စက်မှု နယ်မြေအတွင်းရှိ အမှတ်(၃၃)အကြီးစားစက်ရုံသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ပြည်တွင်း ဘိလပ်မြေ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တို့သည် စက်မှုဝန်ကြီး ဌာနမှ စိန်ရွှေအောင်မြင်ကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အပ်ချုပ်စက်ရုံ၌ H @ M အမှတ်တံဆိပ် အနွေးဂျာကင်၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်နှင့် အမျိုးသမီးအဝတ်အထည်များ ချုပ်လုပ်နေမှုတို့ကို လည်းကောင်း၊ Win & Win ကုမ္ပဏီ လီမိတက်သို့ ငှားရမ်းထားသည့် စက်ဘီးစက်ရုံ၌ ဥရောပနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၁၀၀)သို့ တင်ပိုနေသည့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်နေမှုတို့ကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အိမ်သုံးပစ္စည်း စက်ရုံ(မင်းစု) သို့ ရောက်ရှိပြီး အိမ်သုံးစတီးလ် ပစ္စည်းအမျိုးမျိုး၊ ဆေးရုံသုံးပစ္စည်းအမျိုးမျိုးနှင့် ပလတ်စတစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)