Skip to main content

ငါးမွေးမြူရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ

မန္တလေး ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ငါးမွေးမြူရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို မန္တလေးမြို့ရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့်တိုးချဲ့ ပညာပေးရေး ဗဟိုဌာနတွင် ဇန်နဝါရီ၅ ရက်က ကျင်းပသည်။

စာတမ်းဖတ်ပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၊ ခရိုင်ဦးစီးဌာနမှူးများ၊ မြို့နယ်ဦးစီး ဌာနမှူးများ၊ ငါးလုပ်ငန်းစခန်း တာဝန်ခံများနှင့် ဓာတ်ခွဲခန်းတာဝန်ခံများ တက်ရောက်ပြီး တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးမှူး ဦးအောင်ညီတိုးက သုတေသန စာတမ်းများဖတ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးမျိုးခန့်ဇော်(လက်ထောက် ဦးစီးမှူး)က “ငါးကြင်းဖြူ ငါးသန်များအား မတူညီသော အစာပမာဏ ကျွေးခြင်းဖြင့် ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း တိုင်းတာခြင်း သုတေသနပြု စမ်းသပ်ခြင်း” စာတမ်း ဦးထင်လင်းအောင်(လက်ထောက်ဦးစီးမှူး)က “ငါးပေါင်းမှုန့်အစား အဝေရာရွက်ကိုတစ်ပိုင်းတစ်စ အစားထိုး ဖော်စပ်ကျွေးမွေးခြင်းဖြင့် အူရီးယပ်စ် တီလားပီးယား၏ ကြီးထွားနှုန်းကို သုတေ သနပြု စမ်းသပ်ခြင်း” စာတမ်းနှင့် “တိုင်းရင်း ငါး ငါးသလဲထိုး ဆေးထိုးသားဖောက်ခြင်းနှင့် သန္ဓေသားဖွံ့ဖြိုးမှု အဆင့်ဆင့်အား သုတေ သနပြုမှတ်တမ်းတင်ခြင်း” စာတမ်း၊ ဒေါက်တာ ဝါဝါဖူး(ဒုတိယဦးစီးမှူး)က “Nile tilapia (Oreochromis niloticus) ၏ကြီးထွားမှုအပေါ် အမျိုးမျိုးသော မတူညီသည့်အစာ ကျွေးခြင်း မရှိသောရက်များနှင့်အတူ အစာပြန်လည်ကျွေးသော စက်ဝန်းလည်ပတ်ပုံ (Cycle of Deprivation and Re-feeding in the experiment)၏ အကျိုးသက်ရောက်မှုကို စမ်းသပ်သုတေသနပြုလုပ်ခြင်း”စာတမ်းများကို ဖတ်ကြား၍ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများနှင့်စခန်း တာဝန်ခံများကသိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့သည်။

သတင်းစဉ်