Skip to main content

ဖြောင့်မတ်မှန်ကန်မှုအကြောင်းတရား ငြိမ်းချမ်းသာယာဝပြောမှုသို့ ဦးတည်

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုစည်းတည်ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ တိုင်းရင်းသားပြည်သူများလိုလားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမို ကရေစီစနစ်ကို တည်ဆောက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်အဝ ကျင့်သုံးပြီး ဒီမိုကရေစီဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက် လျက်ရှိသည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင် ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉)ရပ်ကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြုံတွေ့ရသမျှအခက်အခဲများနှင့် အနှောင့်အယှက်များကို စည်းလုံးညီညွတ် သော စုပေါင်း စွမ်းအားဖြင့် ကျော်ဖြတ်ကြရမည် ဖြစ်သည်။ ရည်မှန်းချက်သည် နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အမျိုးသား အကျိုးစီးပွားဖြစ်သည်။ အမျိုးသားအကျိုးစီးပွားကို ခိုင်မာတောင့်တင်းအောင် ကြိုးပမ်းတည်ဆောက်လျက်ရှိသကဲ့သို့ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး “မူ” ကို ဆက်လက်လိုက်နာကျင့်သုံးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ အကျိုးစီးပွားကို ရှေးရှု၍ စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ဖြောင့်ဖြောင့် တန်းတန်း ဆောင်ရွက်လျက်ရှိသည်။ မည်သူတရားပျက်ပျက် ကိုယ်မပျက်စေဘဲ ပြဋ္ဌာန်းထားသောဥပဒေများကို လေးစားလိုက်နာပြီး ဆောင်ရွက်လျက်ရှိသည်။ အုပ်စုစွဲ၊ ဝါဒစွဲမရှိဘဲ တိုင်းပြည်နှင့်လူမျိုးအကျိုးသာ ရှေးရှုသည်။ တိုင်းပြည်အကျိုး စီးပွားဆုတ်ယုတ်စေမည့် မည်သည့်ဖိအားပေးမှု၊ မည်သို့သွေးခွဲလာမှု၊ မည်သည့် နှောင့်ယှက်မှုများကိုမဆို လက်မခံဘဲတွန်းလှန်ဖယ်ရှားကာ နိုင်ငံတော်၏ရည်မှန်း ချက်ပန်းတိုင်သို့ မရောက်ရောက်အောင် လျှောက်လှမ်းလျက်ရှိသည်။

သွေးခွဲမှု၊ သွေးကွဲမှုသည် မိသားစု၊ အသိုက်အဝန်းတစ်ခုသာမက နိုင်ငံတစ်ခု လုံးအတွက်ပင် ကြီးမားသောအန္တရာယ်ဖြစ်သည်။ ပျက်စီးစေနိုင်သောအကြောင်း တရားဖြစ်သည်။ ယင်းကို လက်နက်သဖွယ် ရှေးယခင်ကာလကတည်းက ယနေ့ ထက်တိုင်အောင် အသုံးပြုနေကြသည်။ ကိုလိုနီစနစ်ဆိုး၏ ခါးသီးသောအတိတ် သမိုင်းအတွေ့အကြုံများကို လေ့လာကြည့်လျှင် သင်ခန်းစာ ယူဖွယ်ရာများအဖြစ် တွေ့ရမည်ဖြစ်သည်။ တောင်တန်းမြေပြန့်အကြား၊ ပြည်သူလူထုအကြား သွေးခွဲမှု များ၏ အကျိုးဆက်များသည် အချင်းချင်းအကြား မယုံကြည်မှုများ၊ သံသယများ၊ စိတ်ဝမ်းကွဲမှုများမှသည် ပဋိပက္ခများအထိ ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတော်အကျိုးကိုသယ်ပိုးထမ်းဆောင်ရာတွင် မတရားသွေးထိုးလှုံ့ဆော်မှု များ၊ ဖိအားပေးမှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများကို အမြဲသတိပြုကြရန်လိုအပ်သည်။ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ဘာသာသာသနာတို့အပေါ်တွင် သစ္စာစောင့်သိပြီး ရင့်ကျက်သည့်အမျိုးသားရေးစိတ်ဓာတ်များဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို နိုင်ငံသားတိုင်းက သမိုင်းပေးတာဝန်အဖြစ်ခံယူပြီး စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက် သွားရမည်ဖြစ်သည်။ ယခုအခါတွင် သွေးခွဲမှုများသည် နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှုပျက်ပြားအောင်အထိလုပ်ကိုင်နေသည် ကို တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ် ကိုကျင့်သုံးရာ၌ လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေး အသိအမြင်များ အားကောင်းရန်လိုအပ်သည်။ အားလုံးပါဝင်နိုင်သော ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုကို ဖော်ထုတ်နိုင် သောနိုင်ငံရေးစနစ် တည်ဆောက်မှုလိုအပ်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်က ကျင့်သုံးနေသည့် ကျင့်သုံးရန် ရည်မှန်းထားသည့် နိုင်ငံရေးစနစ်နှင့် ဖြစ်ပေါ်နေသော နိုင်ငံရေး ယဉ်ကျေးမှုတို့ သဟဇာတဖြစ်ရန် လိုအပ်သည်။ ကိုလိုနီခေတ်က တိုင်းရင်းသား စည်းလုံးညီညွတ်မှုပျက်ပြား၍ ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်းတူ မျက်မှောက်ကာလ၌လည်း ခေတ်သစ်ကိုလိုနီများနှင့် ပြည်တွင်း သစ္စာဖောက်များက တိုင်းရင်းသားညီနောင်အချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲ၍ မြန်မာနိုင်ငံကို တိုင်းတစ်ပါးလက်ဝေခံ၊ လိုသလိုခြယ် လှယ်ခွင့်ရအောင် ဆက်လက်ဆောင်ရွက်နေ သည်ကို သတိရှိရမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်ကောင်းကျိုးစီးပွားများကို နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ အတူ လက်တွဲ၍ မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက်နေသည့် ဖြောင့်မတ် မှန်ကန်သော အကြောင်းတရား များသည် အပြုသဘောဆောင် အကောင်းမြင်မှုများပေါင်းစုပြီး ချစ်ခင်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်း သာယာဝပြောမှုများကို မလွဲမသွေရရှိလာမည်ဟု ယုံကြည်ပါကြောင်း။