Skip to main content

အရည်အသွေးကောင်း သီးနှံမျိုးကို တူညီစွာစိုက်ပျိုးပြီး ဈေးကွက်သို့ စုပေါင်းတင်ပို့ နိုင်ပါက ပို၍အကျိုးများမည်ဖြစ်

နေပြည်တော် ဇန်နဝါရီ ၈

စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနနှင့် ပညာပေးလုပ်ငန်းသည် အရေးပါသော ကဏ္ဍတစ်ရပ်မှ ပါဝင်ကြောင်း၊ ဒေသနှင့်ကိုက်ညီသောသီးနှံများ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်ရေးတွင် စိုက်ပျိုးရေခြွေတာနိုင်ရေး၊ မြေဆီလွှာထိန်းသိမ်းရေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စသည့်လုပ်ငန်းများတွင် စရိတ်သက်သာပြီး အကျိုးရှိ ထိရောက်သော နည်းပညာများ ရှာဖွေဖော်ထုတ် ဖြန့်ဖြူးပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးပညာပေးစခန်းများ အနေဖြင့် အားစိုက်ဆောင်ရွက်ကြစေလိုကြောင်း ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် လွိုင်မွေခြံ စိုက်ပျိုးပညာပေးစခန်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်မွေကျေးရွာအုပ်စုရှိ ကော်ဖီနှင့် လက်ဖက် စိုက် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုအပိုင်းတွင် ခေတ်မီနည်းပညာများ အသုံး ပြုရန်လိုအပ်ကြောင်း၊ အရည်အသွေးကောင်း သီးနှံမျိုးကိုတူညီစွာစိုက်ပျိုးပြီး ဈေးကွက်သို့ စုပေါင်းတင်ပို့နိုင်ပါက ပို၍အကျိုးများနိုင်မည်ဖြစ်၍ နည်းပညာနှင့် လိုအပ်ချက်များကို ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ လယ်ယာကုန်ထုတ်သမအသင်းများ သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တောင်သူများထံ မျိုးကောင်းမျိုးသန့် ကော်ဖီ၊ လက်ဖက် မျိုးစေ့ပျိုးပင်များနှင့် သွင်းအားစုများကိုပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးစခန်း(ကျိုင်းတုံ)သို့ ရောက်ရှိပြီး  ကပ်ပါးရောဂါ ဘက်တီးရီးယားရောဂါ စစ်ဆေး ခြင်းလုပ်ငန်းများ၊ သွေးရည်ကြည်စစ်ဆေးခြင်း လုပ်ငန်းများနှင့် ရောဂါခွဲစိတ်စစ်ဆေးခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး တိရစ္ဆာန်ကူးစက်ရောဂါများ တားဆီးကာကွယ်ရေး နှင့် ဓါတ်ခွဲခန်း အဆင့်မြှင့်တင်ရေးလုပ်ငန်းဆိုင်ရာများကို မှာကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိ ပြီး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်သော  လယ်နှင့်ယာစပါး မျိုးများ၊ ပဲပုပ်၊ ပြောင်းသီးနှံမျိုးများဆိုင်ရာ သုတေသန လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးကာ သုတေသနဆောင်ရွက်ပြီးဖြစ်သည့် မျိုးများကို တောင်သူ့ လက်ဝယ် အရောက် ဖြန့်ဝေပေးရန် ၊ တောင်သူအတွက်အကျိုးရှိမည့် မျိုး၊ စိုက်စနစ်နှင့် နည်းပညာများ ဖော်ထုတ်ဖြန့်ဖြူးပေးရန်၊ မြေဆီဩဇာထက်သန်မှုဖြစ်စေမည့် အလှည့်ကျ သီးနှံပြောင်းလဲစိုက်ပျိုးနိုင်စေရေး သီးနှံပုံစံ စံပြကွက်များကို အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အရှေ့မဲခေါင် ပုဂ္ဂလိကဝက်မွေးမြူရေးခြံ၏ အသားတိုးဝက် မွေးမြူလုပ်ကိုင်နေမှုကို ကြည့်ရှုအားပေးပြီး ခေတ်မီသားသတ်ရုံ တည်ဆောက်ရေး၊ ဝက်သားပေါက်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် မြေနေရာ အသုံးပြုခွင့်ရရှိရေးဆိုင်ရာများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍  တောင်သူ ဦးထွန်းနေဦး၏ ရော်ဘာခြံ၌ စိုက်ပျိုးရေးဦးစီးဌာနက မိုးကာ အစေးလှီးစနစ်စံပြကွက်အဖြစ် တောင်သူပညာပေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်