Skip to main content

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသော မာရဝိဇယ ဘူမိဖဿ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထိုး ထွင်းထုပူဇော်မည့် ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့် ပြောင်းလဲရေးသားထားမှုအား စိစစ်တည်းဖြတ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ ၈

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသော မာရဝိဇယ ဘူမိဖဿ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထု ပူဇော်မည့် ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့် ပြောင်းလဲရေးသား ထားမှုအား စိစစ် တည်းဖြတ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ Seminar Hall ၌ ကျင်းပ ပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးသို့ စိစစ်တည်းဖြတ်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ဇောတိက၊ စိစစ်တည်းဖြတ်ရေးကော်မတီ အတွင်းရေးမှူး အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်ကြီးများ၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ဦးစွာ စိစစ်တည်းဖြတ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးဆရာတော်တို့က ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့် စိစစ် တည်းဖြတ်နိုင်ရေး လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ သြဝါဒကထာများ မိန့်ကြားတော်မူ ကြသည်။

ထို့နောက် စိစစ်တည်းဖြတ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက ရှင်းလင်းလျှောက်ထားရာတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသော မာရဝိဇယ ဘူမိဖဿ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့သော ဆဋ္ဌသိင်္ဂီတိ ပိဋက ပါဠိတော်ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)တို့ကို ပါဠိ၊ Roman နှစ်ဘာသာဖြင့် ကျောက်စာရေးထိုး ပူဇော်သွားရန် စီစဉ် လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ကျောက်စာချပ်များအဖြစ် ရေးထိုးထွင်းထု ပူဇော်ရာတွင် ယခင်က အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပါမောက္ခချုပ် ဆရာတော်အဖြစ် တာဝန် ထမ်းဆောင်တော်မူခဲ့သည့် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ ဆရာ တော်ကြီး ရှေးဦးစွာ Roman အက္ခရာဖြင့် ဘာသာပြန်ဆို ထားတော် မူခဲ့သော Romanization ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)အား အတည်ပြု ရွေးချယ်ထားပြီး ဖြစ်ပါကြောင်း။

အဆိုပါ Romanization ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)အား ဆဋ္ဌသင်္ဂါယနာမူနှင့် ကိုက်ညီ စေရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ တွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၏ သြဝါဒကိုခံယူကာ စိစစ်တည်းဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် စေရန် အတွက် နာယကအဖွဲ့၊ စိစစ်တည်းဖြတ်ရေး ကော်မတီ၊ လုပ်ငန်းကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ လုပ်ငန်း ကော်မတီအနေဖြင့်လည်း ဆရာတော်ကြီးများ ၏ စိစစ်တည်းဖြတ်ရေး လုပ်ငန်းများ အတွက် လိုအပ်သည့် ကိစ္စအဝဝကို ဆောင်ရွက်ပေးရန် အသင့် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် စိစစ်တည်းဖြတ်ရေးကော်မတီ အတွင်းရေးမှူးဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက မန္တလေး ကုသိုလ်တော်ဘုရားရှိ မူလကျောက်စာချပ်ပုံစံများနှင့် နှိုင်းယှဉ် ကာ မာရဝိဇယ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ဖြစ်ပေါ်လာမည့် ကျောက်စာချပ် ပုံစံ၊ အရွယ်အစားနှင့် ကျောက်စာ တစ်ချပ်လျှင် ပါဠိ အက္ခရာ၊ Roman အက္ခရာတို့ဖြင့် ဝင်ဆံ့နိုင်မည့် စာမျက်နှာအရေအတွက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော တက္ကသိုလ်အသီးသီးမှ ပညာရှင် ဆရာတော်ကြီးများနှင့် ကျွမ်းကျင် ပညာရှင်များက ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့် ပြောင်းလဲ ရေးသားထားမှုအား စိစစ်တည်းဖြတ်နိုင်ရေးအတွက် ဝိနယပိဋက ၅ အုပ်၊ သုတ္တန္တပိဋက ၂၃ အုပ်၊ အဘိဓမ္မာပိဋက ၁၂ အုပ်၊ စုစုပေါင်း အုပ်ရေ ၄၀ တို့၏ ကျမ်း စာရင်းများအား သက်ဆိုင်ရာ တက္ကသိုလ်အလိုက် စိစစ် တည်းဖြတ်ရန် လုပ်ငန်းတာဝန် ခွဲဝေပြီးစီးမှုအခြေအနေ၊ သက်ဆိုင်ရာ ကျမ်းစာရင်းများအလိုက် ဌာနအသီးသီးမှ စိစစ်တည်း ဖြတ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အသေးစိတ် လျှောက်ထား ဆွေးနွေး တော်မူကြသည်။

ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စိစစ်တည်းဖြတ်ရေးကော်မတီ အတွင်းရေးမှူး ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ပြန်လည်သုံးသပ်ဆွေးနွေးတော်မူပြီး စိစစ်တည်းဖြတ် ရေး ကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်သြဝါဒကထာ မိန့်ကြားတော်မူကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်