နေပြည်တော် ဇန်နဝါရီ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှတင်သွင်းရာ ကုမ္ပဏီ (၁) ခုမှ ယာဉ်စီးရေ (၃) စီးဖြင့် နှာခေါင်းစည်း (Mask) (၂၂) တန် တင်သွင်းခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ (၈) ရက်အတွင်း ကုမ္ပဏီ (၂) ခုမှ ယာဉ်စီးရေ (၄) စီး အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးဖြင့် တန် (၂၀) ၊ နှာခေါင်းစည်း (Mask) (၂၂) တန် တို့အား တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ (၈) ရက်အတွင်း ပြည်ပမှတင်သွင်းခဲ့သည့် အောက်ဆီဂျင် အရည် (Bowser) ယာဉ် (၁) စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များ ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်းသိရသည်။
သတင်းစဉ်