Skip to main content

မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်(ယွမ်) ငွေစာရင်း (Account) ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဇန်နဝါရီ ၈

မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ် (ယွမ်) ငွေစာရင်း (Account) ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ Pullman Mandalay Mingalar ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ယွမ် - ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေး ဆိုင်ရာ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ပြော ကြားခဲ့ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီ၊ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က တရုတ် (ယွမ်) ငွေစာရင်း(Account) ဖွင့်လှစ် ၍ငွေပေးချေမှုဆောင်ရွက်ရာ တွင် တွေ့ကြုံရနိုင်သည့်အခက်အခဲများအပေါ် ဝိုင်းဝန်းဆွေးနွေး ကြရန်နှင့် ယင်းအခက်အခဲများကို ဖော်ထုတ်ပြီး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းပါဝင် ဖြေရှင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကုန်သည်လုပ်ငန်းရှင်များက ဘဏ်လုပ်ငန်း ဆိုင်ရာအစီအစဉ်များ၊ ငွေပေးချေမှုနည်းလမ်းများ၊ အဆိုပြုရမည့် ငွေလဲလှယ် နှုန်းများ၊ နယ်စပ်ကုန်သွယ်ရေးအတွက်ရယူရမည့် ကုန်သွယ်မှုဆိုင်ရာ အထောက်အထားများ၊ ဘဏ် စရိတ်နှုန်းထားများ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့် ပတ်သက်၍ မေးမြန်းကြရာ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ICBC နှင့် BOC တို့မှ တာဝန်ရှိသူများက ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိ သူများ၊ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်း နှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ၊ Bank of China နှင့် Industrial and Commercial Bank of China (ICBC) နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ တွဲဘက်အတွင်းရေးမှူးနှင့်  ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည် လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများသည် ဗီဒီယိုကွန့်ဖရင့် စနစ် ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်