Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်အာရှ-ပစိဖိတ် သဘာဝအခြေခံခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ-၂၀၂၂ ပါဝင်တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၈

အာရှဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှ ကြီးမှုး၍ နိုင်ငံတကာ သဘာဝ အခြေခံခရီးသွားလုပ်ငန်း နှစ် (၂၀) ပြည့် အထိမ်းအမှတ်အခမ်းအနား၊ အာရှ-ပစိဖိတ် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ -၂၀၂၂ ကို ယနေ့တွင် Virtual စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် Keynote Speaker အဖြစ် ပါဝင်တက်ရောက်သည်။

အဆိုပါ ညီလာခံတွင် အာရှဒေသ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကွန်ရက်ဥက္ကဋ္ဌ Mr. Masaru Takayama က အဖွင့်မိန့်ခွန်းပြောကြားပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကွန်ရက်ဥက္ကဋ္ဌ Mr. Glenn Jampol၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖန်တီးမှုဝန်ကြီးဌာန ဝန်ကြီး Dr.H.Sandiaga Salahuddin Uno နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်တို့က အမှာစကား များ ပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာ အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ ပြန်လည် ထူထောင်ရေး မဟာဗျူဟာ လမ်းပြမြေပုံ (၂၀၂၁-၂၀၂၅) ကို ရေးဆွဲခဲ့ပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး အစီအမံများကို ချမှတ်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်သိခရီးသွားလုပ်ငန်း မူဝါဒ၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းပင်မ စီမံကိန်း၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း မူဝါဒ၊ မြန်မာ နိုင်ငံ သဘာဝနယ်မြေများအတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမူဝါဒနှင့် အုပ်ချုပ် လုပ်ကိုင်မှု မဟာဗျူဟာ အစရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် များနှင့် ပူးပေါင်းရေးဆွဲ ခဲ့ကြောင်း။

မြန်မာနိုင်ငံသည် ဂေဟစနစ်နှင့် တိုင်းရင်းသားယဉ်ကျေးမှုများ အမျိုးအစား စုံလင် သည့် နိုင်ငံဖြစ်သည်နှင့်အညီ သဘာဝအလှအပများနှင့် ယဉ်ကျေးမှုများကို နောင်လာ နောင်သားများသို့ လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများကိုလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးတက်လာစေရန် ပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ကာကွယ်ထိန်းသိမ်း ထားသော သဘာဝ နယ်မြေ (၁၉) ခုနှင့် ဆင်စခန်း (၂၂) ခုကို သဘာဝအခြေခံခရီးသွားလုပ်ငန်း နယ်မြေများအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွား လုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံ ပြည်သူအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန်သာမက ခရီးသွား ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

မွန်းလွဲပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း အကြံပေး ဒေါ်ကြည်ကြည်အေးက “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအား New Normal ပုံစံဖြင့် ပြန်လည်စတင်ရာတွင်ဆောင်ရွက်သွားမည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့ အကျင့်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဦး‌ဇေယျာမျိုးအောင်က “မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် နည်းလမ်းများ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြပြီး  အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် (၁) ဦးနှင့် ဥရောပသဘာဝ အခြေခံ ခရီးသွား လုပ်ငန်းကွန်ရက်မှ Kirsi Hyvaenerin တို့က သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆိုင်ရာ Keynote Talk များ ပြောကြားခြင်း၊ မွန်ဂိုလီးယားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် သီရိ လင်္ကာ နိုင်ငံတို့မှ “သဘာဝအခြေခံ ခရီးသွား လုပ်ငန်း အထောက်အကူပြု မူဝါဒများ” ခေါင်းစဉ် အောက်တွင် ဆွေးနွေးခြင်း၊ နော်ဝေနိုင်ငံမှ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ အကြံပေး မှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ အော်စလိုကြေညာစာတမ်းကို ဖတ်ကြားခြင်း၊ Global Sustainable Tourism Council  ဒုတိယဥက္ကဌနှင့် Asia Pacific Green Destination  ကိုယ်စားလှယ် ဖြစ်သူ အာရှသဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှ ဒုတိယဥက္ကဋ္ဌတို့က နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး ပထမနေ့ ဆွေးနွေးပွဲအစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။

ညီလာခံ ဒုတိယနေ့ အစီအစဉ်များကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ရာ အစီအစဉ်အရ ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက “ဒေသခံပြည်သူများမှ ဆောင်ရွက်သည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မလေးရှား နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စား လှယ်များက “လုပ်ငန်းရှင်များမှ ဆောင်ရွက်သည့် သဘာဝအခြေခံခရီးသွားလုပ်ငန်း” ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်