Skip to main content

ဒုတိယဝန်ကြီး ဦးထွန်းအုံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်‌တော် ဇန်နဝါရီ ၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။ 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၁၄ ရက်အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ပထဝီ သတင်း အချက်အလက်စနစ် နည်းပညာဆိုင်ရာ Geographical Information System – (GIS) သင်တန်းသို့ သွားရောက်စစ်ဆေးပြီး သင်တန်းတက်ရောက်နေသော ဦးစီးဌာန အောက်ရှိ ဌာနခွဲ၊ ဌာနစုများမှ သင်တန်းသားများနှင့်တွေ့ဆုံ၍  လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပုဂံမြို့ဟောင်းရှိ အနော်ရထာမင်းတရားကြီးနှင့် ကျန်စစ်သားမင်းကြီး တို့၏ နန်းတော်ရာသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ သုတေသနဌာနစုမှ တာဝန်ရှိသူက ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီးက နန်းတော်ရာ Site Museum သို့ အများပြည်သူများ ကြည့်ရှုနိုင်ရေး စနစ်တကျ ရှင်းလင်းပြသပေးရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ် နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဝင်ရောက် လေ့လာနိုင် ရေးဆောင်ရွက်ပေးရန်၊ တူးဖော်တွေ့ရှိသည့် အမွေအနှစ်များ ကို မပျက်စီးစေရေး ဌာနခွဲ ပညာရှင်ဝန်ထမ်းများက စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် သွားရန် မှာကြားပြီး ဌာနခွဲ ဓာတ်ခွဲခန်းသို့ရောက်ရှိရာ ဓာတ်ခွဲခန်းသုံးပစ္စည်းများ တပ်ဆင်ထားမှု၊ ဓာတ်ခွဲဆောင်ရွက် နိုင်ရန်အတွက် ပြင်ဆင်မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်မင်းနန်သူကျေးရွာ လေးထောင့်ကန်မှ စူဠာမဏိဘုရား အရှေ့ဘက်တံတိုင်းဘေးရှိ ရေစစ်ကန်(မကျည်းကန်) သို့လည်းကောင်း၊  အနော်ရထာ လမ်းပေါ်ရှိ ပုဂံမျှော်ဘုရား မြောက်ဘက်နှင့် ရွာဟောင်းကြီး ဘုရားတောင်ဘက် တို့တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေကျော်ဆောင်ရွက်မည့်နေရာ နေရာများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ပုဂံခေတ်ရေအသုံးချမှုနှင့် ရေလမ်း ကြောင်းများသည် ခေတ်အဆက်ဆက် တိုးချဲ့နေထိုင်မှုများ၊ လယ်ယာလုပ်ကိုင်မှုများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုတို့ကြောင့် မူလရေလမ်းကြောင်း ပြောင်းလဲသွားသဖြင့် ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း အချို့နေရာများ၌ မိုးရာသီတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ယင်းရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန်အတွက် မူလရေလမ်းကြောင်း ပြန်လည်ဖော်ထုတ်၍ ရေစီးရေလာကောင်းမွန်ရန် ဒေသရှိအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်