Skip to main content

အမျိုးသား အပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၈

အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ တတိယအကြိမ် အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေးသို့ အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေး ဆိုင်ရာဗဟို ကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုကော်မတီဝင်များစုံညီစွာ တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကား ပြောကြားရာတွင် အပင်မျိုးမွေးမြူသူများက လျှောက်ထားလာသည့် အပင်မျိုးသစ်များအား နည်းပညာကော်မတီက စစ်ဆေးထားသည့် နည်းပညာရပ်ဆိုင်ရာ အချက်အလက်များကို အခြေခံ၍ အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးအတွက် အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေး ဆိုင်ရာဗဟိုကော်မတီက စိစစ်ပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ အပင် မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ် ပေးရေးကွန်ဗန်းရှင်းက လက်ခံသည့် ဥပဒေတစ်ခုအနေဖြင့် ပြဌာန်းနိုင်ခဲ့ပြီးဖြစ်၍ လယ်ယာကဏ္ဍဆိုင်ရာ တီထွင်ထုတ်လုပ်သူများနှင့် ယင်းတို့၏ ထုတ်ကုန် များအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်ပေးနိုင်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို ခေတ်စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေး ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ အတွင်းရေးမှူး ဒေါက်တာနိုင်ကြည်ဝင်းက အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေး ရရှိရန် ကာကွယ်ခွင့် လျှောက်ထားလာသည့် အပင်မျိုးသစ်(၄)မျိုးနှင့် ပတ်သက်၍ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးနိုင်ရေး စစ်ဆေးတွေ့ရှိချက်များအား တင်ပြဆွေးနွေးရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်