နေပြည်တော် ဇန်နဝါရီ ၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၁၅) မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၂၅၈ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌ ဒေသခံပြည်သူ ၁၇၆၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ ဒေသခံပြည်သူ ၈၁၈၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၅၆၃၀ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၀၂၆၆ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၆၇၁၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၉၄၂၀ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ထန်းတပင် မြို့နယ်တို့၌ သံဃာတော် ၂ ပါး၊ ဒေသခံပြည်သူ ၅၈၇ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နှင့် မိုင်းရယ်မြို့တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၈၇ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့၌ ကျောင်းသား၊ ကျောင်းသူလေးဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၇၂၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်