နေပြည်တော် ဇန်နဝါရီ ၇
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စိန်ရတုပြည်ထောင်စုနေ့အကြို လူငယ်နှင့် စာပေပွဲတော် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အတွင်းရေးမှူးနှင့်ကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
လူငယ်နှင့် စာပေပွဲတော်ဟုအမည်ပေး
ရှေးဦးစွာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်စာပေပွဲတော် အခမ်းအနား များ ကျင်းပခဲ့သည့်အစဉ် အလာရှိသည်နှင့်အညီ ယခုနှစ်တွင်လည်း စာပေပွဲတော်တစ်ခုကို ကျင်းပမည်ဖြစ်ပါကြောင်း၊ ယခုနှစ်ကျင်းပမည့် စာပေပွဲတော်အား လူငယ်များ၏ အခန်းကဏ္ဍကို ဦးစားပေးသည့်အနေဖြင့် လူငယ် နှင့် စာပေပွဲတော်ဟု အမည်ပေးထားပါကြောင်း။
နိုင်ငံတော် ဝန်ကြီးချုပ်က လူငယ်များအား အလေးထားပါကြောင်း၊ လူငယ်နှင့် စာပေပွဲတော် အခမ်းအနားသို့ တက်ရောက်လာသည့် လူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာစေရေးအတွက် အစီအစဉ်များ ထည့်သွင်းကျင်းပသွား မည်ဖြစ်ပါကြောင်း၊ လူငယ်နှင့် စာပေပွဲတော်ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် လူငယ်နှင့် စာပေပွဲတော်ကို (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းလည်း ဖြစ်ပါကြောင်း။
ပွဲတော်ကျင်းပရာတွင် မိမိတို့ဝန်ကြီးဌာနက စာပေနှင့်ပတ်သက်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖွင့်လှစ်၍ စာအုပ်၊ စာစောင်များ ရောင်းချခြင်း၊ စာရေးဆရာကြီးများ၏ ဓာတ်ပုံများ ခင်းကျင်းပြသခြင်း၊ ကလေးစာဖတ်ခန်း ဖွင့်လှစ်ပေးခြင်း၊ လေကြောင်း ပညာရပ် ဆိုင်ရာ သရုပ်ပြသခြင်း၊ သမိုင်းဝင်စာချုပ် စာတမ်းများ၊ မှတ်တမ်းများ ခင်းကျင်းပြသခြင်း၊ အားကစား လှုပ်ရှားမှုပြခန်း၊ ကာတွန်း ဓာတ်ပုံပြခန်းပြသခြင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြခန်းများ ပြသခြင်းများ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထူးထူးခြားခြားအနေဖြင့် မြန်မာနိုင်ငံ လေကြောင်း ဝါသနာရှင်များ အသင်း၏ လေကြောင်း ပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်းကိုလည်း ထည့်သွင်းထားပါကြောင်း။
ကလေးများ ပျော်ရွှင်စေရန် ဖျော်ဖြေရေး အစီအစဉ်များ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက် ကစားခြင်းပြိုင်ပွဲများ၊ အသင်းအဖွဲ့အလိုက် ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ပြီး လူငယ်ကဏ္ဍတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ၏ လေ့ကျင့်နေမှု များနှင့် အားကစားကဏ္ဍ၏ အရေးပါပုံ များကိုလည်း ပြသမည်ဖြစ်ပါကြောင်း၊ ပွဲတော်ကို ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ ကျင်းပ သွားမည်ဖြစ်ပြီး လူငယ်နှင့် စာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းဇံက ယခုနှစ်ကျင်းပသည့် လူငယ်နှင့် စာပေပွဲတော်တွင် မိမိတို့ဝန်ကြီးဌာနက ပူးပေါင်းပါဝင် ခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုကျင်းပမည့် အခမ်းအနားသည် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ဖော်ဆောင်ပေးမည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် တွဲဖက်အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ဖွဲ့စည်းခြင်းများ၊ ပြခန်းများ ခင်းကျင်းပြသခြင်း၊ ဖျော်ဖြေပွဲ များနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းတို့က ပွဲတော်စည်စည်ကားကား သိုက်သိုက် ဝန်းဝန်းဖြစ်စေရေးနှင့် ကျောင်းသားလူငယ်များ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲနိုင်သည့် ပွဲတော်တစ်ခုဖြစ်စေရေး လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြုကြသည်။
ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ကျင်းပသွားမည်
စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်း အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလို စိတ်ရင့်သန်လာစေရန်နှင့် စာပေ ဖတ်ရှုလေ့လာလို စိတ်မြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည် ဖော်နိုင်ရန်ဟူသည့် ရည်ရွယ်ချက် များနှင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်