နေပြည်တော် ဇန်နဝါရီ ၇
နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်များရှိ မွေးမြူရေးလုပ်ငန်း ရှင်များနှင့် ပြောင်းချဉ်ဖတ်ထုတ် လုပ်ရောင်းချမည့်ကိစ္စများ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား ကို ဇန်နဝါရီ ၇ ရက်က နေပြည်တော်ကောင်စီ သမဝါယမဦးစီးဌာန၌ ကျင်းပရာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ၊ နေပြည်တော်တိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့်အဖွဲ့ဝင်များနှင့် မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပြောင်းချဉ်ဖတ်ကို ကျွေးမွေးခြင်းဖြင့် ခိုင်းနွား၊ နို့စားနွား စသည့်မည်သည့်နွားမျိုးပင်မဆို အာဟာရတိုးတက်မှုနှုန်း ၁၂ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ တိုးတက်မည်ဖြစ်ကြောင်း၊ ပြောင်းချဉ်ဖတ်ကို ကောင်းမွန်သော ထုပ်ပိုးမှုစနစ်များဖြင့် ဆောင်ရွက်ပါက နှစ်နှစ်မှ သုံးနှစ်ထိ တာရှည်အထားခံ အသုံးပြု နိုင်ကြောင်း၊ အရည်တည်ခါစ ပြောင်းဖူးနုများကို ချဉ်ဖတ်ပြုလုပ်၍ ကျွေးမွေးပါက နို့ထွက်အားကောင်းပြီး နို့ထွက်ကာလရှည် ကြာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး ပို၍အရည်အသွေး ကောင်းမွန်သော အာဟာရများရရှိမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေး၍ ဈေးကွက်ရရှိနိုင်မှု အခြေအနေများကို ဆွေးနွေးသည်။
ထို့နောက် ပြောင်းချဉ်ဖတ် ထုတ်လုပ်ဆောင်ရွက်မည့်နေရာများ၊ ပျဉ်းမနားမြို့နယ် သမဝါယမ အသင်းစုပိုင် သူဌေးကုန်း ဘက်စုံဖွံ့ဖြိုးရေးခြံနှင့် ပြောင်းစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
သတင်းစဉ်