Skip to main content

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခရီးစဉ် ပူးတွဲသတင်းထုတ်ပြန်ချက်

( ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ - ၈ ရက် )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက် အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဉီးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့သည်။  အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းဆိုင်ရာ  အကျိုးတူ ကိစ္စရပ်များနှင့် အလေးပေးဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်ခေါင်းဆောင်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်အား မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ဖြစ်ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန်လည်း အသိပေးခဲ့သည်။ ဆက်လက်၍ သက်ဆိုင်သူများအားလုံးအနေဖြင့် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုလျက် အပစ်အခတ်ရပ်စဲမှုကို လက်ခံရန်၊ အကြမ်းဖက်လုပ်ရပ်များအားလုံးကို အဆုံးသတ်ရန်နှင့် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ကလည်း အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိရန် သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် တင်းမာမှုများ လျှော့ချရေးတို့ကို ရည်ရွယ်သည့် ယင်းတောင်းဆိုခဲ့မှုအပေါ် ခိုင်မာစွာထောက်ခံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ ပါဝင်မှုကိုကြိုဆိုခဲ့သည်။ အဆိုပါအရေးကြီးသည့် လုပ်ဆောင်ချက်သည် အာဆီယံ၏ တူညီဆန္ဒ (၅)ချက်တွင် ထည့်သွင်းဖော်ပြထားသောအချက် ဖြစ်သည်။

နှစ်ဖက်ခေါင်းဆောင်များသည် မြန်မာပြည်သူများအတွက် လူသားချင်းစာနာကူညီပံ့ပိုးမှုများ ပေးအပ်ရာတွင် အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရန် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသို့ AHA စင်တာမှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများကဲ့သို့သော သက်ဆိုင်သူများအကြား အစည်းအဝေး တစ်ရပ်ကျင်းပရေးအတွက် အားပေးသွားမည် ဖြစ်သည်။ အမှန်တကယ် လိုအပ်လျက်ရှိသည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ခွဲခြားမှုမရှိဘဲပေးအပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် သင့်လျော်သည့်ယန္တရားများနှင့် အစီအစဉ်များ သတ်မှတ် ဆောင်ရွက်သွားရန် အရေးကြီးကြောင်းနှင့် လူ့အသက်ကယ်ဆယ်ရေးသည် အရေးကြီးဆုံးကိစ္စ ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရတ်ဆော့ခွန်းအား အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်မည့်အပေါ် ကြိုဆို ကြောင်းနှင့် ၎င်းအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော်နိုင်ရေးကို အပြည့်အဝ ပံ့ပိုးသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံတူညီဆန္ဒ (၅) ချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန် အထောက်အကူပြုသင့်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ ရရှိရန် အတွက် ကမ္ဘောဒီးယား နိုင်ငံ၏ နှစ်ဦးနှစ်ဖက် အကျိုးရှိသောမူဝါဒကို ရှင်းလင်းမျှဝေခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ရရှိခဲ့သော အတွေ့အကြုံများနှင့် သင်ခန်းစာများအပေါ် အခြေခံ၍ သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သဘောတူညီမှု မပါရှိဘဲ အလုံးစုံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ပံ့ပိုးပေးရန်နှင့် လက်ရှိပြည်တွင်းအခြေအနေများကို ထည့်သွင်းစဉ်းစားလျက် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံနိုင်ရေး ပြောကြားခဲ့သည်။

အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်း ဖြစ်ပေါ်နေသည့်ကာလတွင် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင် စေမည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့ကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အထောက်အကူ ပြုနိုင်ရန် နှာခေါင်းစည်း (၃,၂၀၀,၀၀၀) ခု၊ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (၃၀,၀၀၀)စုံ၊ အသက်ရှုအထောက်အကူပြုစက် (၅၀) လုံး၊ လူနာစောင့်ကြည့်စက် (၅၀) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အောက်ဆီဂျင်စက်(၅၀)လုံးနှင့် အခြားသောဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းများ လှူဒါန်းခဲ့မှုအပေါ် ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူများအား လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆွေးနွေးပွဲအား အပြန်အလှန်နားလည်မှုနှင့် ရင်းနှီးပွင့်လင်းမှုတို့ကို အခြေခံ၍ ဆွေးနွေး ကျင်းပခဲ့သည်။

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်