နေပြည်တော် ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ အောင်ပိုင်သူ(ခ)မိုးညို (ဘ)ဦးသန်းနိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်းတို့ကြောင့် လည်းကောင်း၊ ထက်ဝေယံ(ခ) နောင်နောင် (ဘ)ဦးဇော်နိုင်သည် အောက်တိုဘာလအတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း၊ ညိုချော(ခ) ရာဇာ (ဦး) သန်းဌေးသည် ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင် ဆောင်ရွက်ခြင်းကြောင့်လည်းကောင်း၊ ဖြိုးအောင်(ခ)ကိုဖြိုး(ဘ)ဦးသောင်းထွန်းသည် ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်း တက်ရောက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း တို့ကြောင့်လည်းကောင်း၊ ထက်လွင်ကို(ခ) ထက်ရှား(ခ) ရှားတင် (ဘ)ဦးဇော်ဝင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်း များကို ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဇင်မင်းထွန်း (ခ) ဒိုးလေး(ဘ)ဦးထွန်းထွန်း အပါအဝင် ၄ ဦးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခြင်းကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)၊ ၅၀ (ည)အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာ ၁၃ ရက်တွင် ဇွဲဝေယံထွဋ် (ခ) အက်ဒီဇင်(ဘ) ဦးနိုင်ဝင်း အပါအဝင် ၄ ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅/၁)ရပ်ကွက်၊ ယုဇနလမ်းနေ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ ၅၄ အရ ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့ ၄ ဦးအား “သေဒဏ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
ထို့အတူ နိုဝင်ဘာ ၁၇ ရက်တွင် စိုးနိုင်(ဘ)ဦးမြအေး အပါအဝင် အမျိုးသား ၇ ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်အတွင်း၌ ရပ်ရွာ အေးချမ်းသာယာရေးနှင့် အများပြည်သူ လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဝင်များအား နှောက်ယှက် တားဆီးခြင်းကြောင့် လည်းကောင်း၊ ထက်ရှား(ခ)ထက်လွင်ကို(ခ)တင်(ဘ)ဦးဇော်ဝင်းအပါအဝင် ၃ ဦးသည် မြောက် ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ ရာအိမ်မှူး တစ်ဦး၏ နေအိမ်အား လက်လုပ်ချိန်ကိုက်ဗုံး တစ်လုံးဖြင့် ပေါက်ခွဲရန်ကြိုးစားခဲ့သည့် အတွက်ကြောင့်လည်းကောင်း၊ စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ - ဂ အရ ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့ ၁၀ ဦးအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်” ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။