Skip to main content

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူ အကြမ်းဖက်သူများက စာသင်ကျောင်းများ၌ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်

နေပြည်တော် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံကုန်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူ အကြမ်းဖက်သူများက ကိုယ့်အား ကိုယ်ကိုး တည်ဆောက်ထားသည့် မူလတန်းကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်တွင် မြောင်းမြမြို့နယ် ကံကုန်းကျေးရွာရှိ ပြည်သူများက ကံကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများမှ ကျောင်းနေအရွယ် ကလေး သူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ကျေးရွာအစီအစဉ်ဖြင့် တည်ဆောက်ထားပြီး သင်ကြားမှုပေးလျက်ရှိသည့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကျောင်းအား မလိုလားသူ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရာ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၄၄ ဦး ပညာသင်ကြားလျက်ရှိသည့် အလျား ၄၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ ဓနိမိုး၊ ထရံကာ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းဆောင်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

အလားတူ ယနေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက် (၇၃) လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ MITT တက္ကသိုလ်၏ တောင်ဘက်ဝင်ပေါက်ရှေ့တွင် မသင်္ကာဖွယ်စက္ကူပုံး တစ်လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတက္ကသိုလ်၏ တောင်ဘက် ဝင်ပေါက်ရှေ့တွင် အကြမ်းဖက်သမားများက ပုလင်း ၇ လုံး၌ ဆန့်ကျင်စာသားများ ကပ်၍ ထောင်ထားပြီး အဆိုပါပုလင်းများအလယ်၌ ကတ္ထုပုံးတစ်လုံးအား ထားရှိသည်ကို တွေ့ရှိရ သဖြင့် စစ်ဆေးရန်ပြုလုပ်နေစဉ် အဆိုပါပုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီလ ၅ ရက် ည ၁၀ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပန်းစွာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်ပေါက် တံခါးအား အကြမ်းဖက်သမား များက လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောင်းဝင်တံခါး ပျက်စီးကာ ကွန်ကရစ် တိုင်အောက်ခြေတို့ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၆ ရက်နံနက် ၈ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း ဝင်ပေါက်ရှိ လုံခြုံရေးဂိတ်တဲ့အတွင်းရှိ မြေကြီးအတွင်းမှ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ဂိတ်တဲအနီး၌ ပညာသင်ကြားနေသော ကလေးသူငယ်များအား လုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ကလေးအား ကျောင်း လာရောက်ပို့ဆောင်သည့် အဆိုပါကျေးရွာနေ မဖြူဖြူထွေး (၂၇)နှစ် (ဘ)ဦးစိုးချစ်တို့တွင် မိုင်းစထိမှန် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်းနှင့် အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအားစစ်ဆေးခဲ့ရာ မပေါက် ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီလ ၆ ရက် နံနက် ၈ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တိုင်းမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား မြိုင်-ကမ္မ ကားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား ၂ ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ လက်လုပ်မိုင်းတစ်လုံးမှာ ကျောင်းဝင်းအတွင်းရှိ မြို့ညွှန်ခန္တီးကျောင်းဆောင် အနီးကျရောက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျောင်းဆောင်အနီး လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားပြီး ကျောင်းဆောင်နှင့် အုတ်တံတိုင်း အနီးတွင် မပေါက်ကွဲသေးသည့် လက်လုပ်ရှော့တိုက်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရ သဖြင့် ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည့် စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် အခြားအကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။