Skip to main content

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး ဌာနတို့အကြား နှစ်နိုင်ငံသဘောတူစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီး Dr. Bandula Gunawardhana နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ပြီး အမှာစကားများ ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် သီရိလင်္ကာဆိုရှယ်လစ် ဒီမိုကရက်တစ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေး အတွက် အစိုးရများအကြား G to G စနစ်ဖြင့် လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန်အပါအဝင် အခြားကုန်စည်များ တိုးမြှင့်ရောင်းချ သွားနိုင်ရေး ကနဦး ဆောင်ရွက်ချက်အဖြစ် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား အကျိုးအမြတ်ရှိနိုင်သည့် ခရီးသွားလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောက်ရွက် နိုင်ရန်အတွက်လည်း ဖိတ်ခေါ်ပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြဲကြိုဆိုလျက် ရှိကြောင်း ပြောကြားသည်။

ယင်းနောက် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးက မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ၁၉၄၉ ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံမှု စတင်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံ ရေးအတွက် အဓိကအစားအစာဖြစ်သော ဆန်ကို ယခုလို G to G အစီအစဉ်ဖြင့် ရောင်းချ ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်၍ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ-သီရိလင်္ကာ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်အား မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ တွဲဘက် အတွင်းဝန်တို့က လက်မှတ် ရေးထိုးခဲ့ကြပြီး အဆိုပါသဘောတူစာချုပ်အရ ဆန်ရောင်းဝယ်မှုကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် သီရိလင်္ကာနိုင်ငံ Sri Lanka State Trading (General) Corporation တို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ နှစ်စဉ်ဆန်ဖြူတန်ချိန် (၁၀၀,၀၀၀) နှင့် ပေါင်းဆန်တန်ချိန် (၅၀,၀၀၀) တို့ကို သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမည်ဖြစ်သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အဆင့်မြင့်အရာထမ်းများ၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သီရိလင်္ကာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)