နေပြည်တော် ဇန်နဝါရီ ၇
အနာဂတ်လယ်ယာကဏ္ဍတွင် ပါဝင်ဆောင်ရွက်လာကြမည့် လူငယ်များအား စိုက်ပျိုး မွေးမြူရေး အခြေခံသော အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူ များအဖြစ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးကြရာ၌ စိုက်ပျိုးရေးသိပ္ပံကျောင်းများအနေဖြင့် ကျောင်းဆင်းမောင်မယ်များ အရည်အချင်းပြည့်ဝစွာ စွမ်းဆောင် နိုင်ရေးကိုမျှော်မှန်း ကြိုးပမ်းကြစေလိုကြောင်း၊ ၎င်းတို့၏ လုပ်ငန်းခွင် အောင်မြင်မှုများသည် ကျောင်း၏ဂုဏ်သိက္ခာ ဖြစ်သည်ကို သတိပြု ကြစေလိုကြောင်း၊ ဇန်နဝါရီလ(၆)ရက် နံနက်ပိုင်းက ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ယင်းနောက် သင်တန်းခန်းမဆောင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေး သိပ္ပံကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများအားတွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက သင်ကြားပို့ချမှု အရည်အသွေး တိုးတက်မြင့်မားရေးအတွက် လိုအပ်သော မွမ်းမံသင်တန်းများ စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများ၏ စိုက်ကွင်း စိုက်ကွက်များ မွေးမြူရေးခြံ လုပ်ငန်းများကို လက်တွေ့သင်ကြားရေး လုပ်ငန်းများအတွက်သာမက တောင်သူများအတွက် စံနမူနာပြအဖြစ် ခေါ်ယူပြသနိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း များ အားလုံး၌ မိမိဒေသ၏ ရေ မြေ ရာသီဥတု မိုးလေဝသ မှတ်တမ်းများ ထားရှိရန်နှင့် စာကြည့်တိုက်များကို အဆင့်မြှင့်တင်ပြီး စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၏ အွန်လိုင်း စာကြည့်တိုက် ကွန်ရက်များနှင့် ချိတ်ဆက်လေ့လာနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုများ၊ အသစ်တိုးချဲ့ ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာသင်တန်းအတွက် အကြိုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ဒုတိယနှစ် (ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁၀) ရက်တွင် စတင်ဖွင့်လှစ်မည်ရာ သင်တန်းကျောင်း အားလုံး၌ အကြို လုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်း ကျေးရွာအုပ်စု တောင်သူ ဒေါ်မီဂျာ၏ နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းတွင် ကောက်စိုက်အဖွဲ့ ရွှေရင်အေးစပါးမျိုး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသနေ တောင်သူများနှင့် တွေ့ဆုံကာ ဒေသ ဝမ်းစာဖူလုံရေး၊ မိုးစပါး တစ်ဧက တင်း(၁၀၀)နှင့်အထက် ထွက်ရှိရေး နွေစပါးတစ်ဧက တင်း(၁၂၀) နှင့်အထက် ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေး သွင်းအားစု မှန်ကန်ရေး ဈေးကွက်ရှိသော သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး၊ မွေးမြူရေး တွဲဘက်လုပ်ကိုင်ပြီး အပိုဝင်ငွေ ရရှိရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နွေစပါးမျိုးစေ့ထုတ် တောင်သူများအား ဓါတ်မြေဩဇာနှင့် တမာပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နမ့်ကွတ်ရေလွှဲဆည်သို့ရောက်ရှိပြီး နမ့်ဟတ်ချောင်းအတွင်း သဲနုန်းဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ တုံဆီကျေးရွာ တောင်သူများ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး အားပေးပြီး ဒေသနေ တောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ဟင်းသီးဟင်းရွက်များကို ပလပ်စတစ်ရုံစနစ် အသုံးပြု၍ တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရေး နည်းပညာနှင့် အကူအညီများ ပေးအပ်သွားမည့် အခြေအနေများနှင့် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားကာ ဟင်းသီးဟင်းရွက် မျိုးစေ့နှင့် ဓါတ်မြေဩဇာများကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)