Skip to main content

သိုလှောင်ရုံထိန်းသိမ်းခြင်း သင်တန်းဖွင့်လှစ်

နေပြည်တော် ဇန်နဝါရီ

သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက သိုလှောင်ရုံများကို စနစ်တကျစီမံခန့်ခွဲခြင်းသည် အရေးပေါ်ထောက်ပံ့ ပို့ ဆောင်ရေးလုပ်ငန်းစဉ် (Emergency Logistics) အရေးပါသည့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ သိုလှောင်ရုံစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်မည်ဆိုလျှင် အရေးပေါ်ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစဉ်သည်လည်း ဝန်ကြီးဌာန၊ ဦးစီးဌာန၏ မျှော်မှန်းချက်အတိုင်း ဘေးသင့်သူများထံ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပို့ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ စနစ်တကျစီမံခန့်ခွဲနိုင်မှုမရှိခဲ့ပါ က သိုလှောင်ထားသည့် ထောက်ပံ့ရေးပစ္စည်းများ သည် ပျက်စီးမှုများဖြစ်ပေါ်ပြီး နိုင်ငံ့ဘဏ္ဍာကို အလဟဿ ဆုံးရှုံးမှုဖြစ်နိုင်သည့်အတွက်ကြောင့် အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် သိုလှောင်ရုံများတွင် သိုလှောင်ထားရှိသည့် ပစ္စည်းများကို စနစ်တကျလက်ခံခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်း စသည့်နည်းစနစ်များနှင့် ပတ်သက်ပြီး အခြေခံကျကျသိရှိစေရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ လေလွင့်ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန်အပြင် ဘေးသင့်ပြည်သူများထံ ဖြန့်ခွဲထောက်ပံ့ပေးရာတွင် မိမိတို့ဝန်ထမ်းများ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နားလည်လိုက်နာ ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် လက်တွေ့လုပ်ငန်းခွင်တွင် များစွာ  အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။

သင်တန်းကို Zoom Application အသုံးပြု၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ယနေ့သင်တန်းတွင် ကနဦးအနေဖြင့် ဦးစီးအရာရှိ ၂၁ ဦးကို လေ့ကျင့်ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ရန် ကျန်ရှိနေသည့် ဦးစီးဌာန၊ ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်၊ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဦးစီးအရာရှိမှ ဒုတိယဦးစီးမှူးရာထူးအဆင့်ထိ ဝန်ထမ်းစုစုပေါင်း ၂၁၄ ဦးကို သင်တန်းရှစ်ကြိမ်ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်၍ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းတွင်ဆွေးနွေးမည့် လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ၊ နည်းပညာများကို မိမိတို့၏အတွေ့အကြုံနှင့်ပေါင်းစပ်ကာ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို online စနစ်ဖြင့် ယနေ့မှ ဇန်နဝါရီ ၁၂ ရက်အထိ သင်တန်းကာလ ခုနစ်ရက် ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်