ဇမ္ဗူသီရိ ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ကိုးနဝင်းဆုတောင်းပြည့်ဘုရား အောင်ချမ်းသာ ဓမ္မာရုံအတွင်း ကျင်းပသည်။
ကြည့်ရှု
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက ရပ်ကွက်နေ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး (အပေါ်ပုံ) ဆောင်ရွက်ပြီးစီး သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းတို့က ရပ်ကွက်နေ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ပေးအပ်ရာ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသူများ၏ ကိုယ်စား ပြည်သူတစ်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။
ရာခိုင်နှုန်းပြည့်ပြီးစီး
ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ယနေ့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၃၂ စု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၅၃ ကတ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်ကာလအတွင်း ပြည်သူ ၅၇၃၁ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရန် လျာထားခဲ့ပြီး ယနေ့အထိ အိမ်ထောင်စုပေါင်း ၁၄၂၈ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၇၃၅ ဦးအထိ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ၆၇ ရာခိုင်နှုန်း ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် ရာခိုင်နှုန်းပြည့် ပြီးစီး သည်အထိ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်