ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်၊ ဓမ္မရက္ခိတကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်ထားသည့် မဟာဝိဇယစေတီတော် ကြီးအား (၁၅)ကြိမ်မြောက် ရွှေသင်္ကန်း ကပ်လှူပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။
မဟာဝိဇယ စေတီတော်မြတ်ကြီးအား ဇန်နဝါရီ ၂၅ ရက်အတွင်း ငြမ်းဆင် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးနောက် စေတီတော်ရှိ ရွှေမိုက်ထုတ်ခြင်းလုပ်ငန်း ကို ၁၅ ရက်အတွင်း ဆက်လက်ဆောင်ရွက်ကာ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ရွှေသင်္ကန်းကို ဆက်ကပ်လှူဒါန်း ပူဇော်သွားမည်ဖြစ်သည်။
“စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူမှုကို ဖေဖော်ဝါရီလကုန်ပိုင်းမှာဆောင်ရွက်ဖို့ရှိပါတယ်။ ဇန်နဝါရီ ၆ ရက် မှာ ငြမ်းဆင်ခြင်းလုပ်ငန်းကို စတင်ပြီး တစ်ဆက်တည်း ရွှေသင်္ကန်းကပ်လှူ ပူဇော်သွားမှာပါ။ အလှူရှင်တွေအနေနဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း ကြေညာပေးထားသလို စေတီတော်မှာလည်း ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်ပါတယ်။ ငှက်မြတ်နားနဲ့ စိန်ဖူးတော်မှာ ကိုယ်တိုင်လာရောက်ပြီး ရတနာပစ္စည်းများ ဆက်ကပ်လှူဒါန်းလိုတယ်ဆိုရင် အမျိုးသားများ ကိုယ်တိုင် တက်ရောက်လှူဒါန်းနိုင်အောင် စီမံပေးထားပါတယ်။ စေတီတော်ရွှေသင်္ကန်း ကပ်ရမယ့်အနေအထားဖြစ်နေတဲ့အတွက် ဂေါပကအဖွဲ့အနေနဲ့ ကြိုးစားပြီးဆောင်ရွက်နေပါ တယ်”ဟု မဟာဝိဇယ စေတီတော်မြတ်ဂေါပကရုံး မှရုံးအဖွဲ့မှူး ဦးသိန်းမြင့်က ပြောသည်။
မဟာဝိဇယစေတီတော်မြတ်ကြီးအား ၂၀၁၈ ခုနှစ် မတ်လတွင် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် စေတီတော်ကြီးပြုပြင် မွမ်းမံရေးလုပ်ငန်းများ ယာယီဆိုင်းငံ့ခဲ့ရာ ဇန်နဝါရီလဆန်းပိုင်း၌ ရွှေသင်္ကန်းကပ်လှူနိုင်ရန် လုပ်ငန်းများ စတင်ဆောင်ရွက်မှုဖြင့် သဒ္ဓါတရားထက်သန်သော ကုသိုလ်ရှင်များ လာရောက်လှူဒါန်း လျက်ရှိသည်။
တပို့တွဲလပြည့်နေ့တွင် စေတီတော်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလေ့ရှိသော မဟာဝိဇယ စေတီတော်ကြီးအား ၁၉၈၀ ပြည့်နှစ် မေ ၂၇ ရက် ညနေ ၄ နာရီ မိနစ် ၅၀ တွင် သာသနာတော်သန့်ရှင်း ရေးနှင့်တည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီး အောင်မြင်စွာ ကျင်းပပြီးစီးမှု အထိမ်းအမှတ်အဖြစ် ဓမ္မရက္ခိတကုန်းမြေပေါ်၌ ဇူလိုင် ၂၇ ရက် မင်္ဂလာအချိန်အခါတွင် ပန္နက်ချ၍ အောက်တိုဘာ ၂၄ ရက်၌ အုတ်မြစ်ချ တည်ထားရန် ဆောင်ရွက်ခဲ့သည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး