Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန လူငယ်သင်တန်းကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများ ကျင်းပ

နေပြည်တော်   ဇန်နဝါရီ    ၅

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများကွပ်ကဲမှုအောက်ရှိ လူငယ် သင်တန်းကျောင်း ၃၆ ကျောင်းတို့တွင် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ များအား အုပ်စုဖွဲ့ကာ အုပ်စုပြိုင်ပွဲအဖြစ် ဘောလုံးပြိုင်ပွဲ(ကျား)၊ ခြင်းလုံးပြိုင်ပွဲ(ကျား)၊ ထုပ်ဆီးတိုးပြိုင်ပွဲ(မ)၊ လွန်ဆွဲ ပြိုင်ပွဲ(ကျား၊ မ) များအား လည်းကောင်း၊ တစ်ဦးချင်း ပြိုင်ပွဲ အဖြစ် မီတာ ၅၀ အပြေးပြိုင်ပွဲ (ကျား၊ မ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ(ကျား၊ မ)၊ အာလူးကောက် အပြေးပြိုင်ပွဲ(ကျား၊ မ)၊ မုန့်စားအပြေး ပြိုင်ပွဲ(ကျား၊ မ)၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ (ကျား၊ မ)၊ သုံးချောင်းထောက် အပြေးပြိုင်ပွဲ(ကျား၊ မ)၊ အမြင့်ခုန်(ကျား၊ မ)၊ အလျားခုန်(ကျား၊ မ)၊ ဆန်ကောရွက်အပြေး ပြိုင်ပွဲ(မ)၊ အပ်ချည်ထိုးအပြေးပြိုင်ပွဲ(မ)၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ (ကျား၊ မ)၊ သံပုံးရိုက်ပြိုင်ပွဲ(ကျား၊ မ) များအား လည်းကောင်း ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၉၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ ကောင်းသောယှဉ်ပြိုင် လိုသည့်စိတ်ဓာတ်များ မွေးမြူပေးရေး၊ တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရေး၊ ကျောင်းနေပျော်ပြီး ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးနှင့် ထူးချွန်သည့် လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် အထောက်အကူ ပြုနိုင်ရေးရည်ရွယ် ကျင်းပပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်