Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေး ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၅ 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေး ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကော်မတီအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်း ကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သောဆေး၊ ဆေးကိရိယာများ၊ အထူးသဖြင့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်များ၊ အောက်ဆီဂျင်အရည်များ၊ ကုသဆေးများကို တင်သွင်းဖြန့်ဖြူးပေးနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု၊ ဆပ်ကော်မတီ အသီးသီးက ပို့ကုန်သွင်းကုန် ကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် အကောက်ခွန် ရှင်းလင်းရေးကိစ္စရပ်များကို ဦးစားပေး အစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်ပေးနိုင်ခဲ့မှုများကြောင့် ကိုဗစ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအား၊ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေးများ၊ ကုသဆေးများအပါအဝင် ဆေးပစ္စည်းကိရိယာများ ဝယ်ယူမှုဆိုင်ရာ ကော်မတီ ဆောင်ရွက်ချက်များ၊ ဘဏ္ဍာငွေကြေးသုံးစွဲမှု အခြေအနေများနှင့်ကာကွယ်ဆေးထိုးနှံမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရေးနှင့်စပ်လျဉ်းသည့် အခြေအနေ၊ ဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံအဖွဲ့အစည်းများမှ လှူဒါန်းထားသည့်ပစ္စည်းများ လက်ခံရရှိမှု အခြေအနေ၊ လက်ရှိ ပြည်တွင်းကူးစက်မှုများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို ထပ်မံဝယ်ယူရမည့် ကိစ္စရပ်များနှင့် ကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

သတင်းစဉ်