ရန်ကုန် ဇန်နဝါရီ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအဆင့် ပထမအကြိမ် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားတိုးဆုံးနှင့် သိုးဆိတ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် မွေးမြူရေးခြံ၌ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာတိုးမင်းထွန်းနှင့် ဦးစီးအရာရှိများ၊ အရာထမ်း၊ အမှုထမ်းများ၊ မြောက်ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာ ကုမ္ပဏီများ၊ ဆိတ် အလှပိုင်ရှင်များနှင့် မွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ဆုများချီးမြှင့်
ရှေးဦးစွာ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက မြန်မာ့နွားသိုးအလှ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူ သုံးဦးတို့ အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တက်ရောက်လာကြသော တိုင်းဒေသကြီး ဝန်ကြီးများက အသားတိုး နွား အလှ (အထီး/အမ) ပြိုင်ပွဲတွင် ဆုရရှိသူများ၊ နို့စားနွားမကြီး အလှပြိုင်ပွဲတွင် ဆုရရှိသူများ၊ နို့စားနွားမတမ်း အလှပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဆိတ်အလှ(အထီး/ အမ) ပြိုင်ပွဲတွင် ဆုရရှိသော မွေးမြူရေး တောင်သူများအား အသီးသီးချီးမြှင့်ခဲ့ပြီး Dehus company နှင့် ပုပ္ပားကုမ္ပဏီတို့မှ ပြိုင်ပွဲဝင်ဆုရရှိသူတို့အား မွေးမြူရေး အစာအိတ်များ ပေးအပ်ချီးမြှင့်သည်။ နွားပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်းနှင့် နှစ်သိမ့်ဆုအတွက် ဆုငွေကျပ် တစ်သိန်း၊ ဆိတ်ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သုံးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်း၊ တတိယဆု ငွေကျပ်တစ်သိန်းနှင့် နှစ်သိမ့်ဆုအတွက် ငွေကျပ် ခုနစ်သောင်းဖြင့် ပြိုင်ပွဲအမျိုး အစား ခုနစ်မျိုးမှ ဆုပေါင်း ၄၂ ဆု ကို ပေးအပ်ချီးမြှင့်သည်။
အားပေးစကားပြောကြား
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြခန်းများနှင့် ဆုရရှိသော နွားနှင့် ဆိတ်များအား လိုက်လံကြည့်ရှုပြီး ပြိုင်ပွဲဝင်မွေးမြူရေး ဝါသနာရှင်များကို ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတစ်ရပ်အဖြစ်
ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ်မှ နွား ၈၈ ကောင်နှင့် ဆိတ် ၂၆ ကောင် ပြသယှဉ်ပြိုင် ခဲ့ကြသည်။ ယခုကဲ့သို့ ပြပွဲပြိုင်ပွဲ ကို ကျင်းပပေးခြင်းသည် အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော ဒေသနား၊ နို့စားနွားနှင့် သိုးဆိတ်မျိုး ကောင်းများ မွေးမြူသူများကို သိရှိလာစေခြင်း၊ မွေးမြူရေးနည်းစနစ်များ၊ တိရစ္ဆာန်အစာပင် များနှင့် နည်းပညာများ ဖလှယ်နိုင်သည့်အပြင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များဖြင့် မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်မှုမှ အကျိုးကျေးဇူးကို ရရှိစေခြင်းဖြင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတစ်ရပ်အဖြစ် အထောက်အကူ ဖြစ်စေမည်ဖြစ် ကြောင်းသိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး