ပဲခူး ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ် အနီးရှိ ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်သော နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင် ဇန်နဝါရီ ၃ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ဂေါပကအဖွဲ့များ၊ ရပ်ကွက်များမှ ဓမ္မစကြာဝတ်ရွတ်အသင်းများနှင့် တရားနာပရိသတ်များ လာရောက်ကြပြီး ပဲခူးမြို့ သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ သာသနာ့ဓဇ ဓမ္မာစရိယ ဆရာတော်ဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇ ဓမ္မာစရိယ ဆရာတော်ဘဒ္ဒန္တသုန္ဒရက အဓိပတိလေးပါး တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များ ကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်