၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ ရက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အား သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
၂။ ပုံမှန်အချိန်တွင် အမြင့်ဆုံး ဓာတ်အားထုတ်လုပ်နိုင်မှုသည်(၄၂၀၀)မဂ္ဂါဝပ်ခန့် ရှိသော်လည်း လက်ရှိအချိန်တွင် ပြည်ပမှ မှာယူတင်သွင်း ရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်းလေးဆခန့် မြင့်တက်လာခြင်းကြောင့် ရပ်တန့် ထားရခြင်း၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်းမှ စဉ်ဆက်မပြတ် ဓာတ်ငွေ့ထုတ်လုပ်နိုင်ရန် နှစ်စဉ် ပုံမှန်ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းစဉ်များကို ယခင်နှစ်များကဲ့သို့(၂၇-၁၁-၂၀၂၁)ရက်နေ့မှ (၆-၁-၂၀၂၂)ရက်နေ့အထိ ဆောင်ရွက်ခဲ့ရသဖြင့် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၅၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များကို အကြမ်းဖက်သူများ၏ အကြိမ်ကြိမ် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ဓာတ်အား (၁၈၀) မဂ္ဂါဝပ်ခန့်တို့ အသီးသီး လျော့နည်းလျက်ရှိပါသည်။
၃။ ထို့အပြင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ အချို့တွင် ဓာတ်အားပေးစက်များနှစ်စဉ် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေခြင်း၊ ယခု ပွင့်လင်းရာသီကာလ၌ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံများအတွက် ရေဝင်ရောက်မှု နည်းလာပြီး နွေရာသီကာလဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ရေလှောင်ကန်/ဆည်များ၌ ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ထိန်းသိမ်း လျော့ချမောင်းနှင်ရခြင်းတို့ကြောင့် စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှုမှာ သုံးစွဲမှုထက် (၁၄၇၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိနေပါသည်။ ထိုသို့ လျော့နည်းနေရာမှ ရတနာဓာတ်ငွေ့စီမံကိန်း၏ ထိန်းသိမ်းပြုပြင်မှုများ ပြီးစီးပါက (၇-၁-၂၀၂၂)ရက်နေ့မှစ၍ ပုံမှန် ထုတ်လုပ်နိုင်ပြီး ဖျက်ဆီးခံရသည့် တာဝါတိုင်များကို အမြန်ဆုံးပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသော်လည်း (၉၃၀)မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်း နေမည်ဖြစ်ပါသည်။
၄။သို့ဖြစ်၍ ဓာတ်အားလျော့နည်းထုတ်လုပ်နေရသည့်ပမာဏနှင့်အညီ ဓာတ်အားစနစ်အား တည်ငြိမ်မှုကိုထိန်းညှိရန် ဆောင်ရွက်ရသည့်အ တွက်ဓာတ်အားသုံးစွဲမှုများပြားသော နံနက် (၀၇:၀၀)နာရီမှ ည(၁၁:၀၀)နာရီအတွင်းနှင့် ညအချိန်(၁၇:၀၀)နာရီမှ (၁၉:၀၀)နာရီအတွင်း အများဆုံးထုတ်လုပ်ပေးနိုင်သော ဓာတ်အားပမာဏထက် ကျော်လွန်ချိန်များ၌ ဝန်အားလျှော့ချ၍ ဓာတ်အားစနစ်ထိန်းညှိခြင်းကို မဖြစ်မနေ ဆောင်ရွက်ရလျက်ရှိသဖြင့် အချို့နေရာများတွင် အချိန် ပိုင်းဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
၅။ နိုင်ငံတော်တွင် အိမ်ထောင်စုပေါင်း (၁၀.၉) သန်းခန့်ရှိသည်အနက် လက်ရှိအချိန်တွင် အိမ်ထောင်စုပေါင်း (၆.၆) သန်းခန့် (၆၀%)သည် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲ လျက်ရှိပါသည်။ လက်ရှိ မီးရရှိသုံးစွဲနေသော အိမ်ထောင်စုများအနေဖြင့် မီးလင်းအားတူ၍ ဓာတ်အားသုံးစွဲမှုနည်းသော LED မီးသီး/မီးချောင်းကို အစားထိုးသုံးစွဲခြင်း ပြုလုပ်မည်ဆိုပါက အိမ်ထောင်စု(၁)စုလျှင် (၂၀) ဝပ်ခန့် ချွေတာနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၆.၆) သန်းမှ ဓာတ်အားပမာဏ (၁၃၂) မဂ္ဂါဝပ် ချွေတာနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် မီးသုံးစွဲမှုများသော အိမ်ထောင်စုများအနေဖြင့် မလိုအပ်သောနေရာများရှိ မီးခလုတ်များကို ပိတ်ထားခြင်းဖြင့် အိမ်ထောင်စု(၁)စုလျှင် (၁၀၀)ဝပ်ခန့် ချွေတာသုံးစွဲပါက အိမ်ထောင်စု(၃)သန်းအတွက် (၃၀၀) မဂ္ဂါဝပ်ခန့် သက်သာမည်ဖြစ်သဖြင့် စုစုပေါင်း (၄၃၂) မဂ္ဂါဝပ်ခန့် လျော့နည်းစေမှုအား ပြန်လည် ဖြည့်တင်းအစားထိုးပေးနိုင်သည့်အပြင် အိမ်ထောင်စု(၁)စုချင်းစီ၏ လျှပ်စစ်မီတာခ ပေးချေရမှုများ လည်း လျော့နည်းသက်သာသွားမည်ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် အချို့သောနေရာများတွင် ဝန်အားလျှော့ချရခြင်းများအပေါ် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးစားလျက်ရှိသည့်အပြင် နေအား၊ ရေအားအပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားပိုမို ထုတ်လုပ်နိုင်ရေး စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန